ဝန်းသို ၊ ၂၁ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်နှင့်အညီ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၃)ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို အောင်းပင်အုပ်စု၊ လက်ပံကျင်း ကျေးရွာတွင် "ဝ"ဥ စိုက်ပျိုးနည်းနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ်(၁)အား  ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိလည်းကောင်း၊ ကျောက်တော ကျေးရွာတွင် "ဝ"ဥ စိုက်ပျိုးနည်းအမှတ်စဉ်(၂)အား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိလည်းကောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့၏ နည်းပညာအကူအညီဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

ထို့ပြင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ကင်းမြင်သာ ကျေးရွာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ တစ်လတာသင်တန်းကို သင်တန်းသား/သင်တန်းသူ (၁၀)ဦး တက်ရောက်သင်ကြားနိုင်ရန် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖော်ပြပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲရလဒ်အရ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်း၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

 

မွှေးကြူဇင်