မန္တလေး၊ ၂၁ ဒီဇင်ဘာ
မန္တလေးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာဖြင့် လာရောက်ပြသသူ နေ့စဉ် (၂၀၀)ဝန်းကျင်ရှိကြောင်း မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။
မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေပြီး ဆေးရုံကြီးသို့လာပြသည့် သံသယလူနာ အရေအတွက်သည်လည်း မြင့်တက်လာခဲ့ရာမှ နိုဝင်ဘာလကုန်ပိုင်းတွင် နေ့စဉ် (၁၅၀)ဝန်းကျင်ရှိခဲ့ပြီး ယခုအခါ နေ့စဉ် (၂၀၀)ဝန်းကျင်အထိ မြင့်တက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ကိုဗစ်-၁၉ သံသယလူနာအဖြစ် လာရောက်ပြသသူ၏ ထက်ဝက်ခန့်သည် အနံ့မရသူများ ဖြစ်သည်ဟု ပြောသည်။
လက်ရှိတွင် အနံ့ပျောက် ကိုဗစ်-၁၉ သံသယလူနာများကို မန္တလေးဆေးရုံကြီးတွင် စစ်ဆေးပေးလျက်ရှိရာမှ ဒီဇင်ဘာ ၂၂ ရက်မှ စတင်ကာ မန္တလေးမြို့ မန္တလာသီရိ အာကစားကွင်းရှိ ဧရာဝတီ COVID-19 ရောဂါကုသရေးစင်တာ (Test & Care) နေရာ၌ လက်ခံစစ်ဆေးပေးတော့မည်ဖြစ်ကြောင်း ဧရာဝတီစင်တာ(မန္တလေး)နှင့် တိုင်းအစိုးရက ကြေညာချက်ထုတ်ပြန်ထားသည်။
ဖြိုးအိ


