ရန်ကုန်၊ ၂၁ ဒီဇင်ဘာ
တရုတ်သို့ တင်ပို့နေသည့် ဖရဲစျေးနှုန်းတစ်တန်လျှင် ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံကုန်စည်ဒိုင်မှ ဒုတိယဥက္ကဌ စိုင်းခင်မောင် က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ လကုန်ပိုင်းက ဖရဲတစ်တန်လျှင် ယွမ် ၇၀၀၀ ကျော်အထိ ရရှိခဲ့သော်လည်း လက်ရှိ ဖရဲတစ်တန်လျှင် ယွမ် ၄၅၀၀ ခန့်သာ ရရှိကြောင်း ၎င်းက ဆက်ပြောသည်။
"လက်ရှိ စျေးကွက်အနေနဲ့တော့ ပြီးခဲ့တဲ့ အပတ်တွေတုန်းက တစ်တန်ကို ယွမ် ၇၀၀၀ အထိ မြင့်ခဲ့တယ်၊ အခုကျတော့ တစ်တန်ကို ၄၅၀၀ လောက် အမြင့်ဆုံး ဖြစ်နေတယ်၊ ဂျက်ဖာ ဖရဲ တွေကျတော့ ၆၀၀၀ အထိတော့ ရှိသေးတယ်၊ ဒါပေမယ့် စျေးနှုန်း အပိုင်းက ပြောရမယ်ဆိုရင်တော့ ၂၅ ရာခိုင်နှုန်းလောက် ကျသွားတဲ့ သဘောတော့ရှိတယ်၊ အရင်လိုမျိုး ၇၀၀၀ ကျော်၊ ဒီစျေးကွက်ကတော့ ဘယ်လောက်စျေးပြန်တက်တက် အဲလောက်တော့ ပြန်ရောက်ဖို့တော့ သိပ်လမ်းမရှိတော့ဘူး၊ နည်းနည်းဘဲ ပြန်တက်ရင်လည်း ၄၀၀၀/ ၅၀၀၀/၆၀၀၀ အဲလောက်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ အရင်စျေးကိုတော့ မမီနိုင်တော့ဘူး"ဟု စိုင်းခင်မောင် က ပြောသည်။
လက်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ တစ်နေ့လျှင် ဖရဲကား အစီးရေ ၂၀၀ ကျော် ဝင်ရောက်နေပြီး တရုတ်ပြည်သို့လည်း အစီးရေ ၂၀၀ ကျော် ဝင်ရောက်နေကြောင်း မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။
သို့သော် ယခင် လက်ကျန်ကား အစီး ၅၀၀/ ၆၀၀ ခန့် ရှိသောကြောင့် လမ်းပိုင်း ကြန့်ကြာမှုများရှိသဖြင့် ဖရဲကားများကို ဦးစားပေးစနစ်ဖြင့် သွားနေရကြောင်း သိရသည်။
လက်ရှိ မူဆယ်ခရိုင်နှင့် ထိဆက်လျက်ရှိသော ဂိတ်ပေါက်များအနက် မန့်ဝိန်းဂိတ်၊ ကျင်စန်းကျော့ဂိတ်၊ ပန်ဆိုင်း (ကြူကုတ်)ဂိတ်တို့ကို ဖွင့်လှစ်ထားပြီး လူဝင်လူထွက်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်နှင့် မန့်ဟီးရိုးဂိတ်တို့ကို ပိတ်ထားသည်။
ထို့ပြင် ကုန်ကားများ ဝင်ထွက်၍ရသည့် ဆင်ဖြူဂိတ်ကိုလည်း ပိတ်ထားသည်။
ထို့ကြောင့် ဆင်ဖြူဂိတ်ကို ယာယီကုန် အဝင်အထွက် ခွင့်ပြုပေးရန် နှစ်ဖက်ဒေသအာဏာပိုင်များနှင့် ညှိနှိုင်း ထားကြောင်း စိုင်းခင်မောင် က ဆက်ပြောပြသည်။
"ဆင်ဖြူဂိတ်ကို ကုန်ကား အသေးစားလေးတွေ သွားလာနိုင်ဖို့ ဝင်ထွက်နိုင်ဖို့ ညှိထားတယ်၊ အဲဒီအပေါက်ကို ကုန်ကားဖွင့်ပေးမယ်ဆိုရင် ကုန်စည်စီးဆင်းမှု ပိုပြီး မြန်ဆန်လာမယ်၊ ယာဉ်အရေအတွက် များများ ဝင်နိုင်တာပေါ့"ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နှစ်ကမူ ကိုဗစ်-၁၉ ကြောင့် တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားတင်ပို့ရာတွင် အခက်အခဲဖြစ်ပေါ်ခဲ့ပြီး တင်ပို့သည့် ဖရဲ၊ သခွားများမှာလည်း စျေးမရခြင်းတို့ကြောင့် တောင်သူနှင့် လုပ်ငန်းရှင်များ အထိနာခဲ့ပြီး ဆုံးရှုံးမှုများလည်း ကြုံတွေ့ခဲ့ရသည်။
မြန်မာနိုင်ငံတွင် ကယားနှင့် ချင်းပြည်နယ်မှ လွဲ၍ စိုက်ပျိုးလျှက်ရှိသော ဖရဲနှင့် သခွားမွှေးများသည် လာမည့်မေလကုန်အထိ သီးနှံများထွက်ရှိမည်ဖြစ်ကာ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ဖရဲတန်ချိန် ရှစ်သိန်းကျော်တင်ပို့ပြီး သခွားမွှေးတန်ချိန် တစ်သိန်းခွဲခန့် တင်ပို့လေ့ရှိကြောင်း မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းက ပြောကြားထားသည်။
ငြိမ်းငြိမ်း
ဖိုတို - ခွာညို သစ်သီးပွဲရုံ


