နေပြည်တော်၊  ၂၁  ဒီဇင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၉ ရက် ညနေ ၄ နာရီတွင် ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စု၊ လက္ကူးကျေးရွာနေ ဝင်းစိန်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အောင်နိုင်လင်း (ခ) ကိုလင်း၊ ဇင်ကိုထက် (ခ) ရှည်ရှည်နှင့် ရဲလင်းဦး (ခ) ရဲထက်တို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၂၁ ပြား၊ အိုက်စ် သုည ဒသမ ဝ၀၃  ကီလိုကိုလည်းကောင်း၊ အလားတူ ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် ၎င်းကျေးရွာနေ ငွေစိုး (ခ) မဲဆိုး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၆၅၊ အိုက်စ် သုည ဒသမ ဝ၆၄ ကီလိုကိုလည်းကောင်း။

 

ထို့အတူ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရန်ကင်းမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်၊ ပြည်သာယာလမ်းရှိ ဟိုတယ်အခန်းအမှတ် (၂၁၅) ၌ တည်းခိုနေထိုင်သူ ရာဇာဝင်းနှင့် မခိုင်ဇာလင်းတို့၏ အခန်းသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈ ပြားကို သိမ်းဆည်းရမိ ခဲ့ပြီး ကွင်းဆက်အရ အခန်းအမှတ် (၂၀၁) ၌ တည်းခိုနေထိုင်သူ မောင်မောင်အေး (ခ) သာကော၏အခန်းသို့ ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၅,ဝ၀ဝ၊ အိုက်စ် သုည ဒသမ ၃၅ ကီလို၊ ဆေးခြောက် သုည ဒသမ ၃၅ ကီလိုကိုလည်းကောင်း။

 

အလားတူ ဒီဇင်ဘာ ၂၀ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့နယ်၊ ည-ရပ်ကွက်၊ ခေမာသီလမ်းတွင် ပြည့်ဖြိုးအောင်မောင်းနှင်ပြီး စည်သူ (ခ) တွတ်ပီ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၁၈ ပြားကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

သတင်းစဉ်