လှည်းကူး၊ ၂၁ ဒီဇင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ယာဉ်တိုက်မှုအန္တရာယ် ဖြစ်ပွားမှုမရှိစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက လှည်းကူး-ဖောင်ကြီးလမ်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်မောင်းနှင်ရာတွင် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း မပြုစေရန်နှင့် ယာဉ်မောင်းလျှင် အသက်ကယ်ထိုင်ခုံခါးပတ် ပတ်ထားစေရန် စသည့် စည်းကမ်းချက်များ အားလည်းကောင်း၊ ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ဘေးကင်းလုံခြုံစိတ်ချရသော ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုး သေချာစွာတပ်ဆင်ပြီးမှ မောင်းနှင်စေရန်၊ အရှိန်ပြင်းမောင်းနှင်ခြင်း မပြုရန်၊ သတ်မှတ်ဦးရေထက် ပို၍တင်ဆောင်မောင်းနှင်ခြင်း မပြုရန်၊ ဆိုင်ကယ်မောင်းနှင်ရာတွင် ရှေ့မီးအနိမ့်ကို နေ့/ည အချိန်တိုင်းဖွင့်၍ မောင်းနှင်စေရန်တို့ကို အသိပညာပေး ပြောကြားကာ ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်စေရန် အသိပညာပေး နှိုးဆော်၍ နှာခေါင်းစည်း (Mask) များကို အခမဲ့ဝေငှခဲ့ကြသည်။
နိုင်လင်း(လှည်းကူး)


