ရန်ကုန်၊ ၂၁  ဒီဇင်ဘာ

 

မြန်မာကလပ်အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ခွင့်ရထားသည့် အာရှအဆင့် ကလပ်ပြိုင်ပွဲများဖြစ်သည့် ၂၀၂၁ အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

 

ယင်းမဲခွဲပွဲကို အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာကိုယ်စားပြုကလပ်အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းတို့မှ အုပ်ချုပ်သူ၊ မီဒီယာအရာရှိနှင့် ဈေးကွက်ရှာဖွေရေး မန်နေဂျာများ တက်ရောက်ရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းမဲခွဲပွဲတွင် ပြိုင်ပွဲနှစ်ခုစလုံး၏ ခြေစစ်ပွဲ၊ အုပ်စုအဆင့်နှင့် ရှုံးထွက်အဆင့်ပွဲစဉ်များ ကျင်းပမည့်ရက်များကို အတည်ပြုသွားမည်ဖြစ်သည်။ ၂၀၂၁ အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် MNL အမှတ်ပေးပြိုင်ပွဲ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက အကြိုခြေစစ်ပွဲအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး  AFC Cup  ပြိုင်ပွဲတွင်မူ MNL အမှတ်ပေးပြိုင်ပွဲ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက အုပ်စုအဆင့်နှင့် ဒုတိယဆုရ ဟံသာဝတီအသင်းက ခြေစစ်ပွဲအဆင့်မှ ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ပါက MNL အမှတ်ပေးပြိုင်ပွဲ တတိယဆုရ ဧရာဝတီအသင်းက AFC Cup  ပြိုင်ပွဲတွင် အစားထိုးယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲအဆင့်တွင် သြစတြေးလျကလပ်နှင့် တွေ့ဆုံဖွယ်ရှိပြီး ဟံသာဝတီအသင်းမှာမူ AFC Cup  ပြိုင်ပွဲတွင် Play-off အဆင့်မှ စတင်ကစားရမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်မှုအရ အရှေ့တောင်အာရှ ၁၁ နိုင်ငံများမှ ကလပ်အသင်းများအတွက် အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် AFC Cup  ပြိုင်ပွဲ ဝင်ခွင့်အရေအတွက်များ ထုတ်ပြန်ထားပြီး အာရှဒေသတွင်း ကလပ်အသင်းများအတွက် အမြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုအဆင့်၌ ထိုင်းကလပ် နှစ်သင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူကလပ် တစ်သင်းစီက တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ခြေစစ်ပွဲအဆင့်တွင် ထိုင်းကလပ် နှစ်သင်း၊ ဖိလစ်ပိုင်နှင့် မြန်မာကလပ် တစ်သင်းစီ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ AFC Cup ပြိုင်ပွဲတွင်မူ ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူကလပ် နှစ်သင်းစီတို့က အုပ်စုအဆင့် မြန်မာ၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားကလပ်တို့က အုပ်စုအဆင့်တွင် တစ်သင်းစီ၊ ခြေစစ်ပွဲအဆင့်တွင် တစ်သင်းစီ၊ လာအို၊ ဘရူနိုင်းနှင့် တီမောကလပ်တစ်သင်းစီတို့က ခြေစစ်ပွဲအဆင့်တို့မှ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်

 

mdn