ရွှေဘို၊  ၂၁   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဒီဇင်ဘာ ၂၁ ရက်က  အလှူရှင်မိသားစုက ရွှေဘိုမြို့ မြို့တော်ခန်းမရှိ We Love Shwebo ရုံးခန်းမ၌ အလှူငွေများ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

လှူဒါန်းရာတွင် အလှူရှင်မိသားစုဖြစ်သည့် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက် သခွတ္တောရပ်နေ ကိုဇော်မင်းထွေး+မဖြိုးစန္ဒာထွန်း၊ "ဆန်းသီတာ"စတိုး မိသားစုက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်  RDT Test Kit အတွက် ငွေကျပ် သိန်း ၁၈၀ ၊  We Love Shwebo အတွက် ငွေကျပ် သိန်း ၅၀ ၊ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီး(ကုသ) အတွက် ငွေကျပ် သိန်း ၅၀၊ မျှဝေခြင်း (သက်ကြီးရွယ်အိုများ အာဟာရထောက်ပံ့ရေး)အတွက် ငွေကျပ် သိန်း ၂၀ ၊ စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ ကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

လှူဒါန်းမှုများကို ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်၊ ဆရာတော်ဦးနိမလ၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင်၊ ဆရာဦးတင်ဝင်း(TWS)၊ ဆရာဦးအောင်ကိုကို(We Love Shwebo) တို့က လက်ခံရယူခဲ့ခြင်းဖြစ်သည်။

 

အလှူရှင်မိသားစုမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ကုသရေးတွင် အကြိမ်ရေများစွာ လှူဒါန်းသူ ဖြစ်ကြောင်းသိရပြီး၊ လက်ခံရရှိသည့် အလှူငွေများကို ကိုဗစ် -၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်းများတွင် စနစ်တကျ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

 မိုးသောက်(ရွှေဘို)