နေပြည်တော် ၂၂ ဒီဇင်ဘာ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ နံနက် ၇ နာရီထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။
ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်တွင် မုတ္တမကွေ့၊ မွန်-တနင်္သာ ရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၈ ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်သည်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနေမည်။
နေပြည်တော်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်အနေဖြင့် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
MDN


