၂၂ ဒီဇင်ဘာ
ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်မားလာခြင်းကို ထိန်းချုပ်ရန် စနေနေ့မှ စတင်ကာ ညမထွက်ရ အမိန့်ကို အချိန် ၂ နာရီ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့သည်။
နိုင်ငံတစ်ဝန်းလုံး နေ့စဉ် ည ၁၀ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ချမှတ်မည်ဟု သိရသည်။
နိုင်ငံအတွင်း ရောဂါကူးစက်မှု ဖြစ်ပွားရာ ဗဟိုချက်ဖြစ်သော ဆန်တယာဂို မြို့တော်တွင် လူဦးအရေ အကန့်အသတ်ဖြင့်စုဝေးခွင့်နှင့် ခရီးသွားလာခွင့် ပိတ်ပင်မှုဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်မည် ဖြစ်သည်။
နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်မှုအသစ် ၁၉ ရာခိုင်နှုန်း တိုးပွားလာကြောင်း ကျန်းမာရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
အထူးသဖြင့် ပျမ်းမျှ အသက် ၃၉ နှစ်အရွယ်ရှိသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု များပြားလာသဖြင့် အလွန်အမင်း စိုးရိမ်ကြောင်း ကျန်းမာရေးဝန်ကြီးက ယခုသီတင်းပတ် အစောပိုင်းက အခြားသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၉၄၃ ဦးရှိပြီး ထိုကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၄၃ ဦးရှိသည်။
နိုင်ငံအတွင်း စနေနေ့ကအထိ ရောဂါကူးစက်ခံရသူ ၅၈၇၄၈၈ ဦးရှိပြီး သေဆုံးသူ ၁၆၁၉၇ ဦးရှိသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၇၃ ဦး အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေပြီး ယခုအချိန်အထိ ရောဂါပိုးကင်းစင်သွားသူ ၅၅၇၉၁၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို