ကျောက်ဖြူ ၊ ၂၂ ဒီဇင်ဘာ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်ကာလအတွင်း ဒေသထွက် ငါးတံခွန်ခြောက်များမှာ ဝယ်ယူသူ များပြားလျက်ရှိပြီး ရောင်းအားကောင်းကြောင်း ငါးခြောက်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။
“အခုဆိုရင် ကုန်သွယ်ရေးလမ်းကြောင်းတွေဟာ ကိုဗစ်ဖြစ်စတုံးလို မဟုတ်ဘဲ လမ်းခရီးနည်းနည်း ပွင့်လာပြီ ဆိုတော့ ငါးခြောက်အရောင်းအဝယ်တွေလည်း ကောင်းလာပြီလို့ပြောရမှာပါ။ ဒီငါးတံခွန်ခြောက်တွေကို အရင်ကဆိုရင် တစ်ပိဿာ ငါးထောင်ကျပ်နဲ့ ရောင်းချရတယ်။ ခုတော့ ပိုက်သမားတွေမှာ ငါးတွေလည်း ရတယ်။ ပြီးတော့ ငါးခြောက်ရောင်းချသူတွေကလည်း ပေါများလာတော့ လေးထောင့်ငါးရာကျပ်နဲ့ပဲ ရောင်းချနေပါတယ်။ ဈေးကွက်အနေနဲ့ကတော့ ဒီငါးခြောက်တွေကို ကျောက်ဖြူမြို့က ဈေးတွေအပြင် ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ်တွေဖြစ်တဲ့ ရမ်းဗြဲ၊ မင်းပြား၊ အမ်း၊ တပ်တောင် စတဲ့ မြို့နယ်တွေကို တင်ပို့ရောင်းချပါတယ်” ဟု ငါးလုပ်ငန်းလုပ်ကိုင်နေသည့် ဦးခင်ဇော်က ပြောပြသည်။
အဆိုပါ ငါးတံခွန်ငါးများမှာ ပင်လယ်ငါးတစ်မျိုးဖြစ်ပြီး ရခိုင်ဒေသအခေါ် ငါးသရွဲခြောက်ဟုလည်း ခေါ်ဆို သည်။ ငါးတံခွန်ငါးများကို ငါးပိရည်ကျိုပြုလုပ်ရာ၌ အသုံးပြုသလို ငါးတံခွန်ခြောက်ကို ချက်စားခြင်း၊ ကြော်စားခြင်း၊ မီးကင်၍ ဆီဆမ်းသုပ်စားခြင်းဖြင့် မြိန်ရှက်သောဟင်းလျာအဖြစ် အသုံးဝင်သည့်အပြင် ကောက်ညှင်းပေါင်း၊ ဆီထမင်းပူပူတို့ဖြင့် နံနက်စာစားသောက်ရာတွင်လည်း တွဲဖက်စားသုံးလေ့ရှိကြသည်။
တင်ထွန်းဦး(ပြန်/ဆက်)


