ရွှေဘို ၊  ၂၂  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊အမှတ်(၇)ရပ်ကွက်၊ ချီပါစုရပ်ကွက်ရှိ အမှန်တကယ်လိုအပ်လျက်ရှိသော အိမ်ထောင်စု(၂၀၀)ကျော်အား အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုးကို ‌ယနေ့နံနက်(၁၀)နာရီက အဆိုပါ ရပ်ကွက်ရှိ နေရဗာန်ကျောင်းတိုက်၌ ဖြန့်ဝေလှူဒါန်းခဲ့သည်။

 

အဆိုပါလှူဒါန်းမှုနှင့်ပတ်သက်၍ ဒက္ခိဏသွေးလှူရှင်အသင်းကြီး (၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အလှူရှင်များ စုပေါင်း၍ ထောက်ပံ့ကူညီ လှူဒါန်းရခြင်းဖြစ်ကြောင်းနှင့် ယခင်နှစ်များက အထိမ်းအမှတ်ပွဲအဖြစ် တရားပွဲများ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကာလဖြစ်သည့်အတွက် တရားပွဲများ မပြုလုပ်နိုင်တော့သဖြင့် ချီပါစုရပ်ကွက်အတွင်းရှိ အမှန်တကယ် လိုအပ်လျက်ရှိသော အိမ်ထောင်စုများအား စာရင်းကောက်ယူပြီး အခြေခံစားသောက်ကုန်များကို လှူဒါန်းရခြင်းဖြစ်ကြောင်း ဒက္ခိဏသွေးလှူရှင်အသင်းကြီး၏ တာဝန်ခံဦးဆောင် ဆရာတော် ဦးပါကဋ ၏မိန့်ကြားချက်အရ သိရှိရပါသည်။

 

အခြေခံစားသောက်ကုန်များ လှူဒါန်းရာတွင် ကိုဗစ်-၁၉ ကာလဖြစ်သောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်တွေနှင့်အညီ အိမ်ထောင်စု(၁)စုလျှင် ဆန်(၄)ပြည်၊ ဆီ(၁)ပိသာ၊ ကြက်ဥ(၁၀)လုံး၊ ဆား(၂၅)ကျပ်သားနှင့် လက်ဖက်(၂၅)ကျပ်သား နှုန်းဖြင့် အသီသီးလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထွန်းမြင့်အောင်(ရွှေဘို)