ဆမီး၊ ၂၂ ဒီဇင်ဘာ
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား စောင်၊ အနွေးထည်နှင့် အနွေး ဘောင်းဘီများ ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုက်ပွဲရှောင် စခန်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို မော်လမြိုင်မြို့မှ အရှင်စန္ဒာဗောတိ(သာသနာနွယ်ဖောင်ဒေးရှင်း)က (ကျပ်သိန်း ငါးဆယ်တိတိ) ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး ဆောင်းတွင်းကာလ တိုက်ပွဲရှောင်ပြည်သူများ အတွက် လိုအပ်သည့် စောင်၊ အနွေးထည်များနှင့် အနွေးဘောင်းဘီများကို အလှူရှင်များကိုယ်စား လှူဒါန်း ပေးခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထိုက် (ခေါ်) ဆလိုင်းမျိုးထိုက်က ပြောကြားခဲ့သည်။
ဆမီးမြို့တိုက်ပွဲရှောင်စခန်းရှိ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက လက်ခံရယူပြီး တိုက်ပွဲရှောင်ပစ္စည်းဖြန့်ဝေရေးနှင့် လက်ခံရေးကော်မတီအတွင်း ရေးမှူး ဦးကာလတ်က တာဝန်ယူ၍ တိုက်ပွဲရှောင်အိမ်ထောင်စု(၈၁၅)စုတို့အတွက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လဲ့လဲ့ခိုင်(ဆမီး)


