နေပြည်တော်၊   ၂၂   ဒီဇင်ဘာ 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ် တို့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်(၂) ဦးမင်းသူ၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးကျော်မြင့်ဦး၊ နှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကိုးတစ်ကျေးရွာအုပ်စုနှင့် ဘို့မကျေးရွာအုပ်စုတို့သို့ သွားရောက်ကာ လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT) နှင့် သင့်တော်သည့် ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေး အခြေအနေများကို ကွင်းဆင်းလေ့လာကြည့်ရှုခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုးတစ်ရွာမကျေးရွာ၊ ခြောက်အိမ်စုကျေးရွာ၊ တောင်မြင့် ရေပူ ကျေးရွာနှင့် ၎င်းရွာအနီးရှိ ရေပူထွက်သည့် နေရာများ၊ ဘို့မအထက်ကျေးရွာများသို့ သွားရောက်ကာ လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT)၊ ရေပူအပန်းဖြေစခန်းနှင့် သင့်တော်သည့် ခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်မှုများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး ကျေးရွာအတွင်းနေထိုင်ကြသော ဒေသခံတိုင်းရင်းသားများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT)ဖော် ဆောင်နိုင်ရန်အတွက် ဖြည့်ဆည်းဆောင်ရွက်ရမည့် ကိစ္စရပ်ကို ဆောင်ရွက်နိုင်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ကျေးရွာဒေသ များအနေနှင့် CBT လုပ်ငန်းကို ဖော်ဆောင်နိုင်ပါက ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိမည်ဖြစ်ပါကြောင်း၊ CBT လုပ်ငန်းဖော် ဆောင်နိုင်ရန် လိုအပ်သည့်သင်တန်းများပေးနိုင်ရန် ဝန်ကြီးဌာနအနေနှင့် လုပ်ဆောင်မည်ဖြစ်ပါကြောင်း ပြောကြားကာ ကျေးရွာဖွံ့ဖြိုးဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန် အလှူငွေများ ပေးအပ်ခဲ့သည်။

ပျဉ်းမနားမြို့နယ်ရှိ ကိုးတစ်ကျေးရွာအုပ်စုနှင့် ဘို့မကျေးရွာအုပ်စုသည် ပင်လယ်ရေမျက်နှာ ပြင်အထက် ပေ ၃၀၀၀ ကျော်တွင် တည်ရှိပြီး ဒေသခံများအနေနှင့် စိုက်ပျိုးရေးအခြေခံ တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး CBT လုပ်ငန်းကို ဖော်ဆောင်နိုင်ပါက ခရီးသွားပြည်သူများ အနေနှင့် ဒေသခံပြည်သူများ၏ နေထိုင်မှုပုံစံများ၊ ရေပူစမ်းနှင့် သဘာဝတောတောင်ရှုခင်းများကို ကြည့်ရှု ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်