မကွေး၊ ၂၂ ဒီဇင်ဘာ
ကိုရီးယားသမ္မတနိုင်ငံ ( APTERR ၏ Tler-3 2020 အစီအစဥ်) မှ Pre-Positioned အဖြစ် လှူဒါန်းထားသော ဆန်တန်ချိန် ၁၀၀ ထဲမှ အိတ်ရေ ၂၀၀၀ အား မကွေးတိုင်းအတွင်း ကိုဗစ်စင်တာများသို့ ဖြန့်ဝေပေးနေကြောင်း သိရသည်။
ဆန်တန်ချိန် ၆၀၀ အား စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ဧရာဝတီ၊ ရှမ်း၊ မွန်၊ ချင်း၊ ကရင်၊ ကယား၊ ကချင်စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၀)ခုရှိ ပြည်သူများအတွက် ကိုရီးယားနိုင်ငံက ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထောက်ပံမှုများထဲမှ မကွေးတိုင်းအတွက် တန် ၁၀၀ ၊ (တစ်အိတ်လျင် 40 Kgအလေးချိန်ရှိသည့် အိတ်ရေ ၂၅၀၀) ရရှိခဲ့ကြောင်း မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ဆန်များကို ရန်ကုန်တိုင်း၊ သန်လျင်ဂိုထောင်မှ ဒီဇင်ဘာ ၄ ရက်တွင် သယ်လာခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးရုံးသို့ ရောက်ရှိလာကြောင်း ၊ Quarantine ဝင်နေသော လူဦးရေပေါ်မူတည်၍ ခွဲဝေထောက်ပံ့ရန် ဒီဇင်ဘာ ၁၀ရက်နေ့တွင် မကွေးတိုင်းအစိုးရအဖွဲ့ က အစည်းအဝေးထိုင်၍ ဆုံးဖြတ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
" မနေ့က ဒီဇင်ဘာ ၂၁ ရက်နေ့ကစပြီး ဖြန့်ဝေပေးနေတာပါ။ မြို့နယ် ၆ ခုကတော့ လာသယ်သွားပါပြီ '' ဟု မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးသိန်း က ပြောသည်။
တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်အရ မကွေး၊ မင်းဘူး၊ အောင်လံ၊ ပခုက္ကူနှင့် ဂန့်ဂေါမြို့နယ်များအတွက် အိတ်(၁၂၀)စီ၊ တောင်တွင်းနှင့် မြို့သစ်မြို့နယ်များအတွက် အိတ်(၁၀၀)စီ၊ နတ်မောက်၊ ပွင့်ဖြူ၊ စလင်း၊ သရက်၊ မင်းလှ၊ဆင်ပေါင်ဝဲ၊ ရေစကြို၊ မြိုင်၊ ပေါက် နှင့် ဆိပ်ဖြူမြို့နယ်များအတွက် အိတ်(၈၀)စီ၊ ငဖဲ၊ စေတုတ္တရာ၊ ကံမ၊ မင်းတုန်း၊ ထီးလင်း နှင့် ဆော မြို့နယ်များအတွက် အိတ်(၄၀)စီ လတ်တလော ဖြန့်ဝေသွားမည်ဟု သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း ၂၅ မြို့နယ်တွင် Quarantine စင်တာ ၅၀၀ ကျော်ရှိပြီး လတ်တလော ကန့်သတ်စောင့်ကြည့်ထားသူဦးရေ ၃၀၀၀ ဝန်းကျင်ရှိကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း ထံက သိရှိရသည်။
ဇေယျတု(မကွေး)


