မြင်းမူ၊ ၂၂ ဒီဇင်ဘာ
မန္တလေး-မုံရွာ ကားလမ်းအတိုင်း မြင်းမူမြို့မှ မူးဝရွာထောင်ကျေးရွာ ဇရပ်ထိ ၆ မိုင်ခန့်၊ ဇရပ်မှ ၁ မိုင်ခွဲခန့် မြေသားလမ်းအတိုင်း မူးဝရွာထောင်ကျေးရွာအုပ်စု မူးဝရွာ မင်းကျောင်းတိုက်အတွင်းထိ မော်တော်ကား၊ မော်တော်ဆိုင်ကယ်များဖြင့် သွားလာနိုင်သည်။
မူးမြစ်အတွင်း၌ သဘာဝအတိုင်း အနယ်ကျကျောက်တုံးများမှာ ရေလယ်ကျောက်တန်း ရေတံခွန်ကဲ့သို့ စီးဆင်းနေသောနေရာ ပေါ်ပေါက်ခဲ့ခြင်းကြောင့် မြင်းမူမြို့နှင့် အနီးဝန်းကျင်များမှ ပြည်သူများက အဆိုပါ နေရာသို့ အပန်းပြေလာရောက်လျက်ရှိသည်။
ရေချိုးဆော့ကစားခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ဝိုင်းဖွဲ့စားသောက်ခြင်းများဖြင့် အပန်းပြေလာရောက်ကြသည်။
“မူးမြစ်ရေကြီးချိန်ဆို ဒါတွေအားလုံး ရေမြုပ်ကုန်တယ်။ ရေတော်တော်ကျမှ ပြန်ပေါ်လာတာ၊ ကျောက်တန်းအရှေ့ဘက် စစ်ကိုင်းဘက်ခြမ်း အနီးကနေ ရေစီးဆင်းတာ၊ ရေအနက် ၅ တောင်ခန့်ရှိတယ်။ စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာအနီးကနေ ဧရာဝတီမြစ်အတွင်းကို စီးဆင်းဝင်ရောက်သွားတယ်” ဟု ကျေးရွာအထောက်အကူပြု ဦးပြားချိုက ပြောသည်။
ဥပုသ်နေ့များနှင့် ရုံးပိတ်ရက်များတွင် လာရောက်သူများပြားပြီး အနီးနားမှ လာရောက်ဈေးရောင်းသူများလည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်(၀၇၇)


