နေပြည်တော်၊ ၂၂ ဒီဇင်ဘာ

 

၂၀၂၀ ပြည့်နှစ် ခရစ္စမတ်အကြို ဝတ်ပြုခြင်းအစီအစဉ်ကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့၊ နေပြည်တော် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အသင်းတော်များကောင်စီက ကြီးမှူး၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်၍ ခရစ္စမတ် ကြိုဆိုနှုတ်ခွန်း ဆက်အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ခရစ်ယာန်အသင်းအဖွဲ့များမှ ဘာသာရေးခေါင်းဆောင်များ၊ ခရစ်ယာန်ဘာသာဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် Ambassadors of Christ Ministry (ACM)မှ ဥက္ကဋ္ဌ ဦးဇော်မိုးလတ်က သမ္မာကျမ်းစာဖတ်ကြားခြင်း၊ စိန်မိုင်ကယ်ကက်သလစ်အသင်းတော်မှ ဘုန်းတော်ကြီး Fr.စိုးလင်းအောင်က အဖွင့်ဆုတောင်းခြင်း၊ မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာ၊ သိက္ခာတော်ရဆရာ ဒေါက်တာ ဦးတင်မောင်အေးက မွေးနေ့တော်အကြိုဝတ်ပြုခြင်း အစီအစဉ်၌ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းက ခရစ္စမတ်ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းတို့ ဆောင်ရွက်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ခရစ္စမတ်နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ယခုအချိန်တွင် ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်ဘာသာဝင်ဓမ္မမိတ်ဆွေများက သခင်ခရစ်တော်၏ မွေးနေ့တော်ကို ရည်မှန်းပြီး ကျေးဇူးတော်များကို ချီးမွမ်းကြကာ ခရစ်တော်၏အလိုဆန္ဒနှင့်အညီ လူသားများအားလုံးအပေါ်၌ မေတ္တာတရားများ ဖြန့်ကြက်ပို့သနေသည့်ကာလဖြစ်ပြီး ဒီဇင်ဘာလသည် တစ်နှစ်တာ ၁၂ လရှိသည့်အနက် အသာယာဆုံး၊ အအေးချမ်းဆုံး၊ အလှပဆုံးသော လတစ်လဖြစ်ပါကြောင်း၊ ယင်းကာလတွင် သခင်ခရစ်တော်သည် လောကလူသားများ၏အပြစ်ကို ခံယူရန် လူ့အဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဒီဇင်ဘာလတွင် သခင်ခရစ်တော် ရောက်ရှိခြင်းသည် လာခြင်းကောင်းသော ရောက်ရှိမှု ဖြစ်ပါကြောင်း၊ ဥရောပနိုင်ငံများတွင်လည်း COVID-19 ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း၊ စတုတ္ထလှိုင်းနှင့် အသွင်ပြောင်း ဗိုင်းရပ်စ်ပိုး စသည်ဖြင့် အမျိုးမျိုးကြုံတွေ့နေရပြီး ပညာရှင်များကလည်း သုတေသန ပြုလုပ်၍ ဖော်ထုတ်လျက်ရှိပါကြောင်း၊ ဥရောပတွင်ရှိသော ဓမ္မမိတ်ဆွေများကလည်း ခရစ္စမတ်နေ့ အခမ်းအနားများကို ယခင်နှစ်များကဲ့သို့ လွတ်လပ်ပျော်ရွှင်စွာဖြင့် ကျင်းပရန် အခွင့်အရေးမရရှိကြသည့်အတွက် မိမိတို့၏ နေအိမ်အသီးသီးမှာပင် သခင်ခရစ်တော် ချီးမွမ်းခြင်းအခမ်းအနားများ၊ မွေးနေ့တော်အကြို အခမ်းအနားများ ကျင်းပနေကြရသည်ကို ကိုယ်ချင်းစာမိပါကြောင်း။

 

မြန်မာနိုင်ငံတွင် ခရစ္စမတ်အကြို ဝတ်ပြုခြင်းအခမ်းအနားများကို နေရာ၊ လူဦးရေ ကန့်သတ်ချက်များဖြင့် ကျင်းပခွင့်ပြုထားပြီး ခရစ်ယာန်အသင်းတော်များက ဝတ်ပြုဆုတောင်းခြင်း အခမ်းအနားများကို အကျဉ်းချုံးလျက် ဘုရားကျောင်း၊ မိမိတို့နေအိမ်များ အတွင်း၌သာ မိသားစုအလိုက် ကျင်းပနေရသည်ကို နားလည်ကိုယ်ချင်းစာမိပါကြောင်း၊ တစ်ဖက်တွင်လည်း နှစ်ပေါင်း (၇၀)ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော ထာဝရငြိမ်းချမ်းရေး ပြန်လည်ရရှိရန်လည်း နိုင်ငံတော်အကြီးအကဲများက အားသွန်ခွန်စိုက် ကြိုးပမ်းနေကြရသည့် ကာလဖြစ်ပါကြောင်း၊ ခရစ်တော်၏မွေးနေ့တော်ကာလဖြစ်သည့် ဒီဇင်ဘာလရောက်သည့် အချိန်မျိုးတွင် ပြည်ထောင်စုကြီးအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံက ငြိမ်းချမ်းသော သဘောဆန္ဒများ ပေါ်ထွန်းလာသည်ကိုလည်း ဝမ်းမြောက်ဖွယ်တွေ့ရှိရပါကြောင်း။

 

ယခုထွက်ပေါ်လာသော ငြိမ်းချမ်းရေး ရောင်ခြည်များသည် ပို၍ပို၍ ခိုင်မာလာအောင်၊ တိုးတက်အားကောင်းလာအောင်၊ တောက်ပလာအောင် ခရစ်ယာန်အသင်းတော်များပေါင်းစုံရှိ ဓမ္မမိတ်ဆွေ ညီအစ်ကိုမောင်နှမများကလည်း ထာဝရဘုရားသခင်၏ နာမတော်ထံ ဆုတောင်းမေတ္တာပို့သပေးရန်လည်း အနူးအညွတ်တိုက်တွန်း မေတ္တာရပ်ခံလိုပါကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် မဝေးသောကာလဖြစ်ပါကြောင်း၊ အခြေခံကောင်းများသည်လည်း ရရှိနေပြီဖြစ်ပါကြောင်း၊ ယခု ၂၀၂၁ နှစ်သစ်ကာလအတွင်း ထာဝရငြိမ်းချမ်းရေး၏ ရှေ့ပြေးငြိမ်းချမ်းမှုများ၊ အေးချမ်းမှုများကို မလွဲဧကန် ရရှိလာတော့မည် ဖြစ်ပါကြောင်း။

 

နောက်တစ်ချက်အနေဖြင့် တစ်နှစ်ခန့်ကြာပြီဖြစ်သော COVID-19 ကပ်ရောဂါ ခံစားနေကြရသည့် ကမ္ဘာပေါ်ရှိ လူသားများ၊ နိုင်ငံများ၊ နိုင်ငံသားများအားလုံး အခက်အခဲဒုက္ခ များစွာတွေ့ကြုံနေရပါကြောင်း၊ မိမိတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင်လည်း အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရပါကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံတော်အစိုးရ၊ ပြည်နယ်/တိုင်းအစိုးရများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများကလည်း ကောင်းစွာသိရှိနားလည်ပြီး အခြေခံလိုအပ်သော ရိက္ခာ ဆန်၊ ဆီ၊ ဆား၊ ပဲ စသည်များနှင့် ငွေကြေးများ ထောက်ပံ့လှူဒါန်းကြသည်ကိုလည်း လစဉ်မပြတ် ပြုလုပ်ပေးနေကြပါကြောင်း၊ နောက်တစ်ချက်အနေဖြင့် နိုင်ငံအတွင်းရှိ ချမ်းသာကြွယ်ဝပြည့်စုံသော လုပ်ငန်းရှင်များကလည်း တတ်အားသမျှ ငွေကြေး၊ ရိက္ခာထောက်ပံ့ခြင်းများအပါအဝင် COVID-19 နှင့်ပတ်သက်သော ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို လှူဒါန်းကြခြင်းကိုလည်း ဝမ်းမြောက်ဖွယ် တွေ့မြင်နေရပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသော နိုင်ငံသားများ၏ လှူဒါန်းမှုဒါန၊ သဒ္ဓါတရားများကို အခြားကမ္ဘာ့နိုင်ငံများမှလည်း အသိအမှတ်ပြုနေကြပါကြောင်း၊ မိမိတို့ COVID-19 ကပ်ရောဂါခံစားနေကြရသော ပြည်သူများကို အတတ်နိုင်ဆုံး ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်နေမှုများသည် သမိုင်းတွင် ကျန်ရစ်မည့် အမျိုးသားရေး ကြိုးပမ်းမှုများဟု ပြော၍ရပါကြောင်း၊ COVID-19 ကပ်ရောဂါကို မကြာတော့မည့် အချိန်တွင် အောင်မြင်စွာ ဖြတ်ကျော်နိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း၊ အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန်အတွက် သခင်ခရစ်တော်၏ နာမတော်တွင် ဆုတောင်းမေတ္တာခံယူလျက် ရှိပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် မကြာမီအချိန်တွင် ၂၀၂၁ ဟူသည့် နှစ်သစ်သို့ ရောက်ရှိလာတော့မည်ဖြစ်၍ နှစ်သစ်တွင် ပြည်ထောင်စုနိုင်ငံတစ်ဝန်း မှီတင်းနေထိုင်ကြသော နိုင်ငံသားတိုင်းရင်းသားညီအစ်ကို မောင်နှမ၊ ဘာသာပေါင်းစုံ ဓမ္မမိတ်ဆွေများအနေဖြင့် နှစ်သစ်တွင် ကောင်းချီးမင်္ဂလာအဖြာဖြာ ရရှိကြုံတွေ့နိုင်ကြပါစေကြောင်း၊ နှစ်သစ်တွင် အမွန်မြတ်ဆုံးသော တရားများကိုလည်း ရရှိခံစားနိုင်ကြပါစေကြောင်း၊ နှစ်သစ်တွင် ဘုရားသခင်၏ ကောင်းချီးပေးမှုအရ အခက်အခဲအတားအဆီးများ၊ ကပ်ရောဂါဘေးများကိုလည်း အောင်မြင်စွာ ကျော်လွှားနိုင်သောပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေကြောင်း၊ ပြည်ထောင်စုကြီးလည်း အေးချမ်းသာယာပါစေကြောင်း၊ ဘာသာအားလုံးသည်လည်း ချစ်ခင်ရင်းနှီးစွာဖြင့် အတူလက်တွဲပြီး ပြည်ထောင်စုကြီး၏အကျိုး၊ ဘာသာသာသနာအသီးသီး၏ အကျိုးများကို သယ်ပိုးထမ်းရွက်နိုင်ကြပါစေကြောင်း အလေးအနက်ထား ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာ ဒေါက်တာ တိမောသေပါဟရန်းက နိုင်ငံတော်အတွက် အထူးဆုတောင်းမေတ္တာပို့သခြင်း၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီမှ ဒုတိယဥက္ကဋ္ဌ၊ သိက္ခာတော်ရဆရာ စောရွှေလင်းက ခရစ္စမတ်တရားဒေသနာ ဟောကြားခြင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များက ဓမ္မသီချင်း၊ Merry Christmas သီချင်းများ သီဆိုခြင်း၊ ကောင်းချီးပေးခြင်းတို့ကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

 

mdn