ထားဝယ်၊ ၂၂ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၄/၂၀၂၀)ကို ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က ယာဉ်လိုင်းပြေးဆွဲမှုများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မကြာမီပြေးဆွဲစေမည်ဖြစ်ကြောင်း၊ Test kit ဝယ်ယူရန် အတွက် တစ်တိုင်းလုံးအတိုင်းအတာဖြင့် ဝယ်ယူရန် တင်ပြထားပြီးဖြစ်ကြောင်း၊ မည်သည့်ဘာသာရေး အခမ်းအနားများကိုမဆို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Mask များ တပ်ဆင်ရာတွင်လည်း စနစ်တကျ မဖြစ်မနေ တပ်ဆင်ကြစေရန်အတွက် အဖွဲ့များဖွဲ့စည်း၍ ထိရောက်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တရားမဝင် ခိုးဝင်လာသူများကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကော်မတီဝင်များက Coronavirus Disease 2019 (COVID–19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)


