အမရပူရ၊ ၂၂ ဒီဇင်ဘာ
မန္တလေးမြို့ အမရပူရမြို့နယ်တွင် စိုက်ပျိုးထားသော မိုးစပါးများကို စတင်ရိတ်သိမ်းလျက်ရှိရာ လယ်ရိတ်အငှားလိုက်သူများမှာ ပုတ်ပြတ်စနစ်ဖြင့် လုပ်ဆောင်သည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သရက်တန်းကျေးရွာမှ လယ်ရိတ်အဖွဲ့ခေါင်းဆောင် မချိုသဲထံက သိရသည်။
ယခုနှစ် မိုးစပါးရိတ်သိမ်းရာတွင် လယ်တစ်ဧက ရိတ်သိမ်းခ ငွေကျပ် ၆၀၀၀၀၊ ရိတ်ထုံး (စပါးရိတ်ခြင်း ကောက်လှိုင်းထုံးခြင်း) ပြုလုပ်ပါက လယ်တစ်ဧကလျှင် ငွေကျပ် ၇၀၀၀၀ ပုတ်ပြတ်စနစ်ဖြင့် ရိတ်သိမ်းကြသည်။ နေ့စားခဖြင့် လယ်ရိတ်သိမ်းမည်ဆိုပါက လယ်ရိတ်သူ မိန်းကလေးတစ်ဦး နေ့စားခ ငွေကျပ် ၅၀၀၀ ပေးရသည်။ လယ်ရိတ်အဖွဲ့ ဒေသအခေါ် (လယ်ရိတ်စည်း) များမှာ လယ်တစ်ဧက လူ(၁၂)ဦးနှုန်းဖြင့် ပုတ်ပြတ်ယူကာ တစ်ဧက လူ(၆)ဦးဖြင့် ရိတ်သိမ်းသည့်အတွက် လယ်ရိတ်သူတစ်ဦး တစ်နေ့လုပ်အားခ ငွေကျပ် ၁၀၀၀၀ ရရှိကြောင်း သိရသည်။
နွားမွေးမြူရေးနှင့် တွဲဖက်လုပ်ကိုင်သော တောင်သူများမှာ နွားစာရရှိရေးအတွက် အားထားလုပ်ဆောင်ပြီး စပါးများကို လူဖြင့်ရိတ်ကာ သယ်ယူပို့ဆောင်ခြင်း၊ ခြွေခြင်း၊ လှေ့ခြင်းများကို စက်စွမ်းအားအသုံးပြုကြသည်။ အမရပူရမြို့နယ်တွင် လယ်မြေ၊ ယာမြေ၊ ကိုင်း/ကျွန်း၊ ဥယျဉ်မြေများ မြေယာအသုံးချမှု စာရင်းအရ ၅၁၂၆၈ ဧကရှိသည်။ ဆည်တော်ကြီးဆည်ရေမှ ပေးလွတ်သောရေဖြင့် မိုးစပါး (၁၁၆၅၀)ဧက လျာထားစိုက်ပျိုးခဲ့သည်။ ယခုနှစ် မိုးစပါးစိုက်ပျိုးရာတွင် ဧရာမင်းစပါးကို အများဆုံးစိုက်ပျိုးပြီး တစ်ဧက စပါးတင်း (၈၀)ကျော် ထွက်ရှိကြောင်း သိရသည်။
တိမ်တမန်


