ရန်ကုန်၊ ၂၂ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ လမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးယဉ်ပါး တီဘီရောဂါရှိ၊ မရှိ စစ်ဆေးရှာဖွေနိုင်သည့် Gene X-Pert စက် တပ်ဆင်ခြင်းနှင့် လူနာများအား ကုသပေးနိုင်သော ကုသရေးစင်တာကို ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် GeneX-Pert စက် ထားရှိခြင်း အသိပေးဆွေးနွေးပွဲမှ သိရသည်။

 

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းဗဟို (ရန်ကုန်ရုံးခွဲ) တီဘီအထူးကု ဆရာဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

ဒီနေ့ Gene X-Pert စက် တပ်ဆင်ခြင်းနဲ့ ပတ်သက်ပြီး အသိပေး ဆွေးနွေးခြင်းဖြစ်ပါတယ်၊ ဒီဘက်မှာ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်မှာရှိတဲ့ ဆေးယဉ်ပါးတီဘီလူနာတွေကို စစ်ဆေးတဲ့အခါ အရင်တုန်းက အင်းစိန်ကို သွားပြီးစစ်ဆေးရတာ ဖြစ်ပါတယ်၊ Gene X-Pert စက် ရှိလာတဲ့အခါ ဒီမှာပဲ ဆေးယဉ်ပါးတီဘီ ရှိ၊ မရှိ တစ်ခါတည်းစစ်ဆေးနိုင်တယ်၊ ဆေးယဉ်ပါးတီဘီကုသတဲ့ စင်တာပါ အတူဖွင့်ပြီးတော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်၊ တစ်နေ့ကို အနိမ့်ဆုံး လူနာ ၁၅ ဦးကနေ ၂၀ အထိ စစ်ဆေးပေးနိုင်မယ်၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းဗဟိုနဲ့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ စီမံခန့်ခွဲမှုနဲ့ ညွှန်ကြားချက်များနဲ့အညီ Gene X-Pert စက်တွေကို တပ်ဆင်ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ် ဟု အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းဗဟို (ရန်ကုန်ရုံးခွဲ ) တီဘီအထူးကု ဆရာဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။

 

အဆိုပါ ဆေးယဉ်ပါးတီဘီ ရောဂါ ရှိ၊ မရှိ စစ်ဆေးရှာဖွေနိုင်သည့် Gene X-Pert စက်မှာ ဒေါ်လာ ၁၇၀၀၀ တန်ဖိုး ရှိကြောင်း၊  တစ်နေ့လျှင် လူနာ ၁၂ ဦးခန့် ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးနိုင်မည်ဖြစ်ပြီး ၂ နာရီအတွင်း အဖြေကို သိရှိနိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံ၌  တီဘီရောဂါကြောင့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးတို့တွင်များစွာ အကျိုးသက်ရောက်မှုများ ခံစားရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးထဲမှ ရန်ကုန်တိုင်းဒေသကြီးသည် တီဘီရောဂါ ဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း၊ လူဦးရေထူထပ်များပြားသော လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံနှင့် အင်းစိန်မြို့နယ်တို့၌ တီဘီရောဂါဖြစ်ပွားမှု အများဆုံးတွေ့ရှိရကြောင်း သိရသည်။ တီဘီရောဂါဖြစ်ပွားမှု စစ်တမ်းတွေ့ရှိချက်အရ တစ်နှစ်အတွင်း ဒလမြို့နယ်၌ လူဦးရေ ၁ သိန်းတွင် ၃၀၀ ကျော်ခန့် တီဘီရောဂါပိုး တွေ့ရှိကြောင်း သိရသည်။ 

 

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)