မြစ်ကြီးနား၊  ၂၃  ဒီဇင်ဘာ       

                                   

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ညမထွက်ရ အမိန့် အား ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၈ ရက်မှ စတင်ကာ ထုတ်ပြန်ကြေညာထားခဲ့ပြီး ယနေ့အထိ ညမထွက်ရ အမိန့်အား ဖောက်ဖျက်ကျူးလွန်သူ(၁၆၅)ဦးအထိ  အရေးယူထားကြောင်း မြစ်ကြီးနား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက   ပြောပြသည်။

 

ကျွန်တော်တို့ မြစ်ကြီးနားမြို့မှာ အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့အညီ ညမထွက်ရ အမိန့်ကို ဧပြီ ၁၈ ရက်က စပြီး ထုတ်ပြန်ကြေညာခဲ့တာပါ။ ပထမညွှန်ကြားချက်ကတော့ ည ၁၀ နာရီက နေ မနက် ၄ နာရီအထိ ထုတ်ပြန်ကြေညာခဲ့တာပါ။ နောက်ပိုင်းမှာ ည ၁၂ နာရီကနေ နံနက် ၄ နာရီအထိ ပြောင်းလဲထုတ်ပြန်ခဲ့တာပါ။ လက်ရှိအချိန်အထိ (၇)ကြိမ် အမိန့်ထုတ်ပြန်ပြီး ဆောင်ရွက် နေတာပါ။ လက်ရှိအချိန်အထိ စည်းကမ်းဖောက်ဖျက်သူ(၁၆၅)ဦးကို  အရေးယူခဲ့ပြီး ပထမဖမ်းဆီးရမိတဲ့ (၂၂)ဦးကို ငွေဒဏ်ကျပ်(၅၀ဝ၀ဝ)ချမှတ်ခဲ့တယ်။ နောက်ပိုင်း ငွေဒဏ်က ပေါ့နေတယ်ထင်လို့ ထောင်ဒဏ် (၁)လစီ ချမှတ်ခဲ့ပါတယ်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောပြသည်။

 

လက်ရှိတွင် ဖြစ်ပွားလက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါမှာ ကချင်ပြည်နယ်အတွင်း လျော့ကျသွားခြင်း မရှိဘဲ အတည်ပြုလူနာ တိုးပွားလျက်ရှိပြီး မြစ်ကြီးနားမြို့တွင် ပိုးတွေ့အတည်ပြုလူနာ(၆၁)ဦးအထိ တွေ့ရှိထားသည်။

 

လက်ရှိထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်မှာ  ဒီဇင်ဘာလ(၃၁)ရက်အထိ အကျုံးဝင်ကာ ဒီဇင်ဘာလ တွင် ကျရောက်မည့် ခရစ္စမတ်ကာလနှင့် နိုင်ငံတကာ နှစ်သစ်ကူးနေ့များ တိုက်ဆိုင်နေပြီး လူစုလူဝေး မပြုလုပ်ရေး မြို့နယ်ကိုဗစ်ကြိုတင်ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းထံမှ သိရသည်။

 

မိုဃ်းကျ(မြစ်ကြီးနား)