ဂန့်ဂေါ၊ ၂၃ ဒီဇင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ရဲလှကျေးရွာ နှင့် စိုင်ဒူကျေးရွာတို့တွင် ရန်ပုံငွေကျပ် ၉၅ ဒသမ ဝ၄ သန်း အသုံးပြု၍ ကျေးလက်ကုန်ထုတ်လမ်း ၂ လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
“ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ ကျေးလက်ကုန်ထုတ်လမ်းတွေကို ၂၀၁၈ခုနှစ် ပထမ ၆ လ ဘတ်ဂျက်ကစတင်ပြီး အဆင့်မြှင့်တင် ဖောက်လုပ်ပေးနေတာပါ ။ အရင်က ကုန်ထုတ် လမ်းတွေ မရှိတဲ့အခါမှာ စိုက်ပျိုးတဲ့သီးနှံတွေကို ဈေးကွက်ကိုတင်ပို့ရောင်းချတဲ့အခါမှာ ကုန်ကျစရိတ် များပြားပါတယ် ။ ကုန်ထုတ်လမ်းတွေရှိလာတဲ့အတွက်ကြောင့် ထွက်ကုန်သီးနှံတွေကို ဈေးကွက်ကို အချိန်ကုန် သက်သာစွာ ရာသီမရွေး တင်ပို့ရောင်းချလာနိုင်ပါတယ်” ဟု ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ထွေးက ရှင်းပြသည်။
ဂန့်ဂေါမြို့နယ်အတွင်း ရဲလှကျေးရွာတွင် အရှည် ၂ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု တစ်ပေကိုးလက်မရှိ ကျောက်ရောမြေ ဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်းလုပ်ငန်းနှင့် အဆိုပါ လမ်းပေါ် Box Culvert ၁ စင်းတည်ဆောက်ခြင်း ၊ စိုင်ဒူကျေးရွာတွင် အရှည် ၁ မိုင် ၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု တစ်ပေကိုးလက်မရှိ ကျောက်ရောမြေဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ် Box Culvert ၁ စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၉၅ ဒသမ ဝ၄ သန်းဖြင့် တင်ဒါအောင်မြင်သော မြစ်သာဂန့်ဂေါကုမ္ပဏီမှ ယခုနှစ် နိုင်ဝင်ဘာလ ၂၅ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကုန်ထုတ်လမ်း ၂ လမ်းဆောင်ရွက်ပြီးပါက ရဲလှကျေးရွာနှင့် စိုင်ဒူကျေးရွာတို့အနီးရှိ လယ်ယာဧက ၁၅၀ဝ ကျော်က ထွက်ရှိသော ထွက်ကုန်သီးနှံများအား ဈေးကွက်သို့ ရာသီမရွေး အချိန်ကုန် သက်သာစွာ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ပါကြောင်း ဂန့်ဂေါမြို့နယ်ဦးစီးမှူး ဒေါ်မြသက်ထွေး က ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)


