ပူတာအို၊ ၂၃ ဒီဇင်ဘာ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံကို ၂၀၁၈ ခုနှစ် ဇွန်လတွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ရာ ယခုအခါ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ဖြန့်ဖြူးသည့် ဓါတ်အားဖြင့် ဒေသခံပြည်သူအိမ်ထောင်စုပေါင်း ၆၄၀၂ ဦးမှာ လျှပ်စစ်ဓါတ်အား ၂၄ နာရီသုံးစွဲ နေပြီဖြစ်ကြောင်း သိရသည်။
အထက်နမ့်ထွမ်ရေအားလျှပ်စစ် စက်တပ်ဆင်အားမှာ ၈၀၀ ကီလို၀ပ် လေးလုံးဖြစ်ပြီး စုစုပေါင်း ၃.၂ ကီလို၀ပ်ဖြစ် ပါကြောင်း၊ ၎င်းစက်ရုံ မှ(၁၁)ကေဗွီဓါတ်အားလိုင်းကို ပူတာအိုဖီဒါနှင့် မချမ်းဘော့ ဖီဒါဟူ၍ ဖီဒါ (၂)ခု ခွဲကာ မြို့နှစ်မြို့၊ ရွာပေါင်း ၅၄ ရွာ သို့ (၁၁)ကေဗွီလိုင်း ၆၇ မိုင်၊ (၁၁/၀.၄)ကေဗွီထရန်စဖော်မာ ၇၃ လုံးဖြင့် ဓါတ်အားဖြန့်ဖြူးလျက်ရှိပါ ကြောင်း၊ ယခုအခါ ပူတာအိုမြို့နယ်နှင့်မချမ်းဘော့မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓါတ်အားသုံးစွဲမှုမှာ (၂.၂)မဂ္ဂါ၀ပ်အထိရှိနေပြီဖြစ်ကြောင်း ပူတာအိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးကြည်လင်ထံမှသိရသည်။
အဆိုပါအထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ပူတာအိုမြို့နယ်အတွင်းရှိ မြို့ပေါ် ၁၀ ရပ်ကွက်၊ ကျေးရွာ ၄၂ ရွာ မီးသုံးစွဲသည့်အိမ်ထောင်စု ၅၄၀၀ နှင့် မချမ်းဘော့မြို့နယ်အတွင်းရှိ မြို့ပေါ် ၄ ရပ်ကွက်၊ ကျေးရွာ ၁၂ ရွာ မီးသုံးစွဲသည့် အိမ်ထောင်စု ၁၀၀၂ ဦး စုစုပေါင်းမီးသုံးစွဲသည့် အိမ်ထောင်စုပေါင်း ၆၄၀၂ ဦး အထိသုံးစွဲနေပြီဖြစ်သည်။
အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓါတ်အား ၂၄ နာရီရရှိမှုကြောင့် ပူတာအိုဒေသရှိ ဒေသခံပြည်သူများ၏ လူမှုစီပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြု နေပြီဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


