ဝန်းသို၊ ၂၃ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ်ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ညွှန်ကြားချက်များအတိုင်း လိုက်နာရောင်းချမှု ရှိ/မရှိ၊ တရားမဝင် ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများနှင့် မျိုးစေ့များရောင်းချမှု ရှိ/မရှိတို့ကို ဒီဇင်ဘာ ၂၃ ရက်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင့်ဆွေနှင့် မြေ၊ မျိုး၊ ပိုး တာဝန်ခံများ၊ စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများက ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့အရောင်း ဆိုင်များတွင် သက်တမ်းလွန်ပစ္စည်းများ၊ မြန်မာစာဖြင့် အညွှန်းဖော်ပြထားခြင်းမရှိသည့် ပိုးသတ်ဆေး နှင့် မျိုးစေ့များရောင်းချခြင်း ရှိ/မရှိနှင့် စိုက်ပျိုးရေးသုံးပစ္စည်းရောင်းချခွင့်လိုင်စင် ဆောင်ရွက် ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး မျိုးစေ့ဥပဒေ၊ ပိုးသတ်ဆေးဥပဒေကို လိုက်နာကြရန် တားမြစ်ထားသော စိုက်ပျိုးရေးဆေးများကို မရောင်းကြရန် အသိပညာပေးပြောကြားခဲ့သည်။
ဝန်းသိုမြို့တွင် ပိုးသတ်ဆေးအရောင်းဆိုင် ၂ ဆိုင်နှင့် ဓာတ်မြေဩဇာအရောင်းဆိုင် ၄ ဆိုင်ရှိပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာရောင်းချလျက်ရှိကြောင်း အဆိုပါ ကွင်းဆင်း စစ်ဆေးချက်အရ သိရသည်။
ကျော်မြိုင်(ပြန်/ဆက်)


