ဆိပ်ဖြူ ၊ ၂၃ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ မိုးစပါးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်း၍ စပါးအထွက်နှုန်းများပိုခဲ့ပြီး ယခင်နှစ်ထက် ဈေးအနည်းငယ်ပိုရရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်ရှိ မိုးစပါးကို အောက်ဆိပ်လျှပ်စစ် မြစ်ရေတင်မှ စပါးစိုက်ပျိုးရေနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ၊ စပါးမျိုးသန့်များရယူ၍ စိုက်ပျိုးခဲ့ကြရာ ယခင်နှစ်များထက် စပါးအထွက်နှုန်းပိုမိုရရှိခဲ့ပြီး မိုးစပါးတစ်ဧကလျှင် စပါးတင်း(၁၂၀)မှ (၁၃၀)ကြား ထွက်ရှိကြောင်း၊ ယခုနှစ် မိုးစပါးပေါ်ချိန်တွင် ဆင်းသုခစပါး တစ်တင်းလျှင် ငွေကျပ် (၇၅၀၀)၊ ဧရာမင်းစပါး တစ်တင်းလျှင် ငွေကျပ် (၁၀၀၀၀)အထိ ဈေးရရှိကြောင်း၊ ယခင်နှစ် စပါးတစ်တင်းဈေးနှုန်း ထက် (၅၀၀) ကျပ်မှ ၁၀၀၀ ကျပ်အထိ ဈေးပိုမိုရရှိခဲ့ကြောင်း၊ မိုးစပါးစိုက်တောင်သူများအဆင်ပြေသလို ဒေသခံစပါးစိုက်ပျိုးလုပ်သားပြည်သူများ စပါးစိုက်ပျိုး၊ ရိတ်သိမ်း၊ စပါးသယ် ၊ စပါးရိုက်သူများ အတွက် လည်း အလုပ်အကိုင်အခွင့်အလန်းများရရှိကာ မိသားစုဝင်ငွေများရရှိကြောင်း စပါးရိတ်သယ်ခြင်းလုပ်ငန်း ကို ဧကအလိုက် ပုတ်ပြတ်ဆောင်ရွက်သူများရှိသလို နေ့စား လိုက်ဆောင်ရွက်ခြင်းများလည်းရှိကြောင်း ၊ နေ့စားလိုက် စပါးရိတ်ခြင်းသယ်ယူခြင်းအတွက် အမျိုးသမီးတစ်ဦးလျှင်း တနေ့ ကျပ် (၃၀၀၀)၊ တစ်ဧကပုတ်ပြတ် ဆိုလျှင် စပါးရိတ်သယ် တစ်ဧကလျှင် ကျပ် (၆၀၀၀၀)ပေးရကြောင်း၊ စပါးရိုက် အမျိုးသားတစ်ဦးလျှင် တနေ့လုပ်အားခ ကျပ် (၇၀၀၀)ထိ ရှိကြောင်း၊ မိုးစပါး စတင်စိုက်ပျိုးသည့်အချိန်မှ စပါးရိတ်သိမ်းခြွေပြီးသည်အထိ တစ်ဧက စိုက်ပျိုးစရိတ် စုစုပေါင်း (၃)သိန်းခွဲဝန်းကျင်ထိ ကုန်ကျပြီး မိုးစပါးတစ်ရာသီတွင် စိုက်ပျိုးခဲ့ခြင်းအပေါ် စပါးစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးစပါးမျိုးအလိုက် အမြတ်ငွေ (၆)သိန်းကျပ်မှ (၈)သိန်းခွဲဝန်းကျင်ထိ အမြတ်ရရှိကြောင်း အောက်ဆိပ်မြစ်ရေတင် စပါးစိုက် တောင်သူများထံမှ သိရသည်။
စိုးလင်းနိုင်(IPRD)


