၁။    ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာအချို့၌မွေးမြူထားသည့်နွားများတွင် အရေပြားအကျိတ်နာရောဂါကူးစက်ဖြစ်ပွားခဲ့သဖြင့် အခြားဒေသများသို့ ကူးစက်ပျံ့နှံ့ခြင်းမရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိတို့မွေးမြူထားသောနွားများကို အရေပြားအကျိတ်နာ ရောဂါဖြစ်ပွားခြင်းမှ တားဆီးကာကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင် ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

(က)    နာမကျန်းနွားများကို လွှတ်ကျောင်းခြင်း၊ အခြားနွာများနှင့် ရောနှောခြင်းမပြုရန်၊ 

( ခ )    နွားမွေးမြူရေးခြံများ၏ဇီဝလုံခြုံမှုကို အထူးဂရုပြုရန်နှင့် ပိုးသတ်သန့်စင်ခြင်း ဆောင်ရွက်ရန်၊

( ဂ )    နွားအသစ်ဝယ်ယူမွေးမြူမည်ဆိုပါက ရောဂါကင်းရှင်းကြောင်းစိတ်ချရသောခြံမှ နွားများကို ဝယ်ယူမွေးမြူရန်၊

(ဃ)    ဝယ်ယူသည့်နွားအသစ်များကို မိမိခြံရှိနွားများနှင့်မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊

( င )    ရောဂါပိုးသယ်ဆောင်တတ်သည့် အင်းဆက်ပိုးမွှားများဖြစ်သည့် မှက်၊ ခြင်၊ ယင်နှင့် မွှားများကို ထိန်းချုပ်ရန်၊

( စ )    ဆေးထိုးအပ်နှင့် ခြံအသုံးအဆောင်ပစ္စည်းများ မျှဝေသုံးစွဲခြင်းမပြုရန်၊

(ဆ)    ကျွဲ၊ နွားများရွှေ့ပြောင်းသယ်ဆောင်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက်လက်မှတ် (AHD/PC-3)ရယူရန်၊

( ဇ )    မိမိနွားများတွင် အရေပြားအကျိတ်နာဖြစ်ပွားနေသည်ဟု သံသယရှိပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊

( ဈ )    ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက် ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်။
    
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန