ပြင်ဦးလွင်၊ ၂၃ ဒီဇင်ဘာ
ပြင်ဦးလွင်မြို့သို့ ခရစ္စမတ်ပွဲတော်နှင့် နိုင်ငံတကာနှစ်သစ်ကူးနေ့ ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူ များအား ပိုမိုတင်းကျပ်စွာစစ်ဆေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။
ပြင်ဦးလွင်မြို့သည် ခရီးသွားမြို့ဖြစ်သည်နှင့်အညီ ရုံးပိတ်ရက်များ၌ လာရောက်လည်ပတ်သူ များပြားသော ကြောင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၃ မိုင်ဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကျန်းမာရေးထောက်ခံစာမပါရှိဘဲ အလည်လာရောက်သူများအား ဝင်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
"ယခင်တန်ဆောင်တိုင်ပိတ်ရက်က ပြင်ဦးလွင်ကို လာရောက်သူများပြားတဲ့အတွက် ပိတ်ရက်ပြီးတဲ့အခါ မြို့တွင်းမှာ ပိုးတွေ့ရှိမှု ပိုမိုများလာတဲ့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အခုလို ပြင်ဆင်နေတာပါ"ဟု ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းဝင်းက ပြောပြသည်။
ဆက်လက်၍ “ခရစ္စမတ်ပိတ်ရက် ဒီဇင်ဘာ ၂၅၊၂၆၊ ၂၇ ရက်၊ နှစ်သစ်ကူးရုံးပိတ်ရက် ဒီဇင်ဘာ ၃၁ ရက်ကနေ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်ထိ အဲ့ရက်တွေမှာ ပြင်ဦးလွင်စစ်ဆေးရေးဂိတ်ကိုလည်း ပိုမိုတင်းကျပ်စွာ စစ်ဆေး သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။
ထို့ပြင် မြို့ရှောင်လမ်း၊ ထင်းရှူးတော စသည့်နေရာများ၊ မြို့တွင်းလည်ပတ်နိုင်သည့် လူစည်ကားရာနေရာ များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းကာ အဖွဲ့ လေးဖွဲ့ခွဲ၍ စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြတ်ဆုမွန်


