မန္တလေး၊ ၂၃ ဒီဇင်ဘာ

 

ကိုဗစ်-၁၉ အလွန်ကာလတွင် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာစေရေးအတွက် ပုံမှန် ခရီးစဉ်ဒေသများအပြင် ပုဂံ၊ ညောင်ဦးဒေသမှတစ်ဆင့် သွားရောက်လည်ပတ်နိုင်မည့် သဘာဝအခြေပြု ခရီးစဉ်ဒေသသစ် ငါးခုကို တိုးချဲ့ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဇော်မျိုးလတ်က ပြောကြားသည်။ 

 

 

အဆိုပါ သဘာဝအခြေပြု ခရီးစဉ်ဒေသသစ်များအဖြစ် တူးရင်းတောင်ပေါ်ရှိ အရှည်ပေ ၈၀ ရှိသည့် ကျောက်ရေကန်၊ ဇီးအိုကျေးရွာ၊ စက်စက်ယိုကျေးရွာ၊ ပုပ္ပားတောင်မကြီးခရီးစဉ်နှင့် ကျောက်မြင့်မိုရ်ဘုရားတို့ဖြစ်ကာ ကိုဗစ်ကာလအလွန် ခရီးသွားဧည့်သည်များ သွားရောက်လေ့လာလည်ပတ်နိုင်စေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။  

 

 

"ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွင့်လာတဲ့အချိန်မှာ ခရီးသွားဧည့်သည်တွေ၊ ဒေသသစ်တွေ လည်ပတ်နိုင်ဖို့အတွက် သဘာဝအခြေပြုခရီးသွားလုပ်ငန်းတွေကို ဖော်ဆောင်သွားဖို့ရှိပါတယ်။ ပုဂံဘက်က တူရင်းတောင်မှာ ပုဂံခေတ်ကတည်းက ထူးခြားတဲ့ ကျောက်ရေကန်ရှိတယ်။ ပုပ္ပားတောင်ခရီးစဉ်ကိုလည်း မြှင့်တင်မယ်။ ကျောက်မြင့်မိုရ်ဘုရားကို ဧရာဝတီမြစ် နောက်ခံထားပြီးတော့ Sun Set ကြည့်တဲ့နေရာတွေ ဖော်ထုတ်မယ်။ ခရီးသွားဧည့်သည်တွေ လေ့လာလည်ပတ်တဲ့အခါမှာ လုံခြုံမှုရှိစေရေးတို့အတွက် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး ကော်မတီတွေကို ဖွဲ့စည်းပေးထားပါတယ်။ ယခုနှစ် ဇူလိုင်လကစတင်ပြီးတော့ ပုဂံ၊ ပြင်ဦးလွင်၊ မိုးကုတ်တို့မှာ တစ်ပြိုင်တည်း ဖွဲ့စည်းပေးခဲ့ပါတယ်။ ဆက်လက်ပြီးတော့ မန္တလေး၊ အင်းဝ၊ မိတ္ထီလာ စတဲ့ဒေသတွေမှာ ဖွဲ့စည်း သွားမှာပါ" ဟု ၎င်းက ရှင်းပြသည်။ 

 

 

ပုဂံညောင်ဦးဒေသရှိ အထင်ကရဘုရားစေတီပုထိုးများ၊ ယဉ်ကျေးမှုအနုလက်ရာများနှင့် ခရီးစဉ်ဒေသအသစ်များကို ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လေ့လာ လည်ပတ်နိုင်စေရန်အတွက် ပုဂံ ညောင်ဦး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ(DMO)ကိုလည်း ဖွဲ့စည်းထားပြီး ခရီးစဉ်များ၏ လုံခြုံရေး၊ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် စနစ်တကျ သွားရောက် လည်ပတ်နိုင်စေရေးတို့အတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

 

အဆိုပါ ပုဂံ၊ ညောင်ဦးဒေသတွင် ယခုကဲ့သို့ ခရီးစဉ်ဒေသသစ်များ ဖော်ဆောင်ပေးသည့်အတွက် ဒေသခံများ၏ လူမှုစီးပွားဘဝများ တိုးတက်လာနိုင်သလို ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနိုင်မည့် နည်းလမ်းများကိုလည်း ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 

 

မင်းထက်အောင်(မန်းကိုယ်ပွား)