နေပြည်တော် ၂၃ ဒီဇင်ဘာ

 

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ လူငယ်များ၊ အမျိုးသမီးများအတွက် ဦးတည်၍ ဆောင်ရွက်လျက်ရှိသော ‘အားလုံးအတွက်ရှေးဦးပြုစုခြင်း’ ‘First Aid for All’ သင်တန်းစီမံချက် ပထမအဆင့် သင်တန်းဆင်းပွဲအခမ်းအနားကို On line ဖြင့် ယနေ့ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းလွင်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။

 

ဒုတိယဝန်ကြီးက ပြောကြားရာတွင် ‘ရှေးဦးပြုစုခြင်း’ ပညာဟာ အလွန်မွန်မြတ်ပြီး ထိခိုက်ဒဏ်ရာရသူများကို ရှေးဦးပြုစုခြင်းအားဖြင့် အသက်အန္တရာယ် ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းက လူငယ်များ၊ အမျိုးသမီးများ အကျိုးရှိစေရန် သင်တန်းများကို စီစဉ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခုနှစ် ဩဂုတ်လအတွင်းထဲက သင်တန်းများ ဖွင့်လှစ်ရန် အသင့်ဖြစ်ခဲ့သော်လည်း Covid – 19 ကပ်ရောဂါ အခြေအနေကြောင့် ဒီဇင်ဘာလမှသာ On line ဖြင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ On line ကနေသင်ကြားပေမယ့်လည်း သင်တန်းဆရာများ၏ အရည်အချင်းပြည့်ဝမှု၊ သင်တန်းသူသင်တန်းသားများ၏ စိတ်ပါဝင်စားမှုများကြောင့် များစွာအောင်မြင်သော သင်တန်းဖြစ်ခဲ့ကြောင်း၊ သင်တန်းတွင် ရရှိခဲ့သော ပညာများဖြင့် မိမိရပ်ရွာ၊ မိမိအသိုင်းအဝိုင်း၊ မိမိပြည်နယ်အတွက် အကျိုးပြုကြမည် ယုံကြည်ကြောင်း၊ သိရှိခဲ့သော သင်ခန်းစာများအား ပတ်ဝန်းကျင်သို့ ပြန်လည်ဖြန့်ဝေစေလိုပါကြောင်း၊ လူငယ်များအကြား နားလည်မှု၊ ယုံကြည်မှု တိုးပွားလာပြီး၊ လူမှုသဟဇာတ ဖြစ်စေရေးကို အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ စေတနာ၊ မေတ္တာ၊ ဂရုဏာနှင့် အကြင်နာတရား စသော ကြက်ခြေနီ၏ အခြေခံစိတ်ဓါတ်များသည် လူမှုသဟဇာတ ဖြစ်ထွန်းရေးမှာလည်း အလွန်အရေးကြီးကြောင်း၊ ရခိုင်ပြည်ရှိ မြို့နယ်အားလုံးအတွက် စီမံချက် ဒုတိယအဆင့်နှင့် တတိယအဆင့်များကို ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း သဘာဝ ဘေးအန္တရာယ်များကြောင့်ဖြစ်စေ၊ တိုက်ပွဲများ၊ မိုင်းအန္တရာယ်များကြောင့်ဖြစ်စေ ထိခိုက်ဒါဏ်ရာ ရသူများအား ရှေးဦးပြုစုခြင်းအတတ်ပညာဖြင့် အရေးပေါ် ကူညီပေးနိုင်တော့မည်ဖြစ်ကြောင်း၊ သင်တန်းဖြစ်မြောက်ရန် ဆောင်ရွက်ပေးသူအားလုံးအား ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားသည်။

 

သင်တန်းဆင်းပွဲတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Burgener ကလည်းဂုဏ်ပြုစကား ပြောကြားသည်။ ထို့အပြင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်နှင့် ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှု ဆိုင်ရာလေ့လာရေးအဖွဲ့ (CDNH) မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာကျော်ရင်လှိုင်တို့ကလည်း သင်တန်းဆင်းဂုဏ်ပြုစကား ပြောကြားကြသည်။

 

mdn

 

ထို့နောက် ‘အားလုံးအတွက်ရှေးဦးပြုစုခြင်း’ ‘First Aid for All’ သင်တန်းစီမံချက်တာဝန်ခံ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က သင်တန်းများ ပြုလုပ်ရခြင်းအကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတ ဖြစ်စေရေး ဆောင်ရွက်နေမှုများ အကြောင်းကို ရှင်းလင်းပြောကြားသည်။

 

သင်တန်းဆင်းပွဲသို့ နိုင်ငံတော်သမ္မတရုံးအကြံပေးပုဂ္ဂိုလ် ဗိုလ်မှူးကြီးထိန်လင်း(ငြိမ်း)၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဗဟိုကော်မတီဝင်များ၊ ICRC, IFRC တို့မှ ဌာနေကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ ဌာနကိုယ်စားလှယ်ရုံးမှ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူသင်တန်းသားများ စုစုပေါင်း (၁၀၀) ကျော် တက်ရောက်ခဲ့သည်။

 

အားလုံးအတွက်ရှေးဦးပြုစုခြင်း’ ‘First Aid for All’ သင်တန်းစီမံချက်ပထမ အဆင့်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့မှ (၂၃) ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပေါက်တော၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ်များရှိ လူမှုအသိုင်းအဝိုင်းအသီးသီးမှ သင်တန်းသူသင်တန်းသား (၁၇၀) တို့ သင်တန်းတက်ရောက်ပြီးမြောက်ခဲ့ကြောင်း သိရသည်။ မြို့နယ်တစ်ခုစီအတွက် (၃) ရက်ကြာ သင်တန်းတစ်ခုစီကို On line ဖြင့်ပို့ချခဲ့ပြီး သင်တန်းသား (၃၀)ခန့် တက်ရောက်ခဲ့ကြောင်း၊ သင်တန်းနည်းပြများအဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အတွေ့အကြုံရင့် နည်းပြများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သင်တန်းစီမံချက် ဒုတိယအဆင့်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့မှ (၂၀) ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ပြီး မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်များမှ လူငယ်များ၊ အမျိုးသမီးများအတွက် (၃) ရက်ကြာ သင်တန်းများကို မြို့နယ်အလိုက် ပို့ချသွားမည်ဖြစ်သည်။

 

အားလုံးအတွက်ရှေးဦးပြုစုခြင်း’ ‘First Aid for All’ သင်တန်းစီမံချက်အား နိုင်ငံတော် အတိုင်ပင်ရုံးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

 

mdn