၂၃ ဒီဇင်ဘာ
မက္ကဆီကိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးကို လက်ခံရရှိပြီး နောက်တစ်ရက် ကြာသပတေးနေ့ (ခရစ်စမတ် အကြိုနေ့) မှာ ထိုးနှံပေးသွားမယ်လို့ မက္ကဆီကို ကျန်းမာရေးဝန်ကြီးက ပြောကြားပါတယ်။
SARS-CoV-2 ရောဂါပိုးကို ကာကွယ်ရန် Pfizer မှာ ထုတ်လုပ်သော ကာကွယ်ဆေး ပထမအသုတ်ကို ယနေ့ လက်ခံရရှိမှာဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်မှာ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ် စတင်မယ်လို့ ကျန်းမာရေးဝန်ကြီး ဟူဂို လိုပတ်ဇ်-ဂတ်တဲလ်က တွစ်တာမှာ ရေးသားထားပါတယ်။
Pfizer မှ မှာယူထားတဲ့ ကာကွယ်ဆေးအလုံးရေ ၃၄ ဒသမ ၄ သန်း အနက် ၁ ဒသမ ၄ သန်းဟာ ဘယ်လ်ဂျီယံနိုင်ငံကနေ ပို့ဆောင်ထားပြီး ရောက်ရှိလာပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောကြားပါတယ်။
ကာကွယ်ဆေးဟာ အပူချိန် (-၇၀°C) မှာ ထိန်းသိမ်းရန် လိုအပ်တဲ့အတွက် မက္ကဆီကိုစီးတီးနဲ့ နိုင်ငံရဲ့ မြောက်ပိုင်းရှိ ကိုဟိုလာပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်းတွေအား ဦးစားပေး ထိုးနှံပေးမယ်လို့ သိရပါတယ်။
မက္ကဆီကိုနိုင်ငံက Oxford-AstraZeneca ထုတ် ရောဂါပိုးကာကွယ်ဆေး ၇၇ ဒသမ ၄ သန်းနဲ့ ကနေဒါ ဆေးကုမ္ပဏီနဲ့ တရုတ်ဆေးကုမ္ပဏီတို့ ပူးတွဲထားတဲ့ CanSinoBio မှ ဆေးအလုံးရေ ၃၅ သန်းကို မှာယူထားပြီး ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဦးဆောင်ပြီး ဆင်းရဲတဲ့ နိုင်ငံတွေအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး မျှဝေမယ့် COVAX အစီအစဉ်ကနေလည်း မက္ကဆီကိုနိုင်ငံအတွက် ထိုးဆေးပမာဏ ၅၁ ဒသမ ၆ သန်း ရရှိရန် သေချာပြီး ဖြစ်ပါတယ်။
MDN
ကိုးကား - AFP