နေပြည်တော် ၂၃ ဒီဇင်ဘာ
အယုံလွယ်သူများအား ယုံကြည်အောင်ပြောဆို၍ Online မှတစ်ဆင့် ဆက်သွယ်ပြီး ဘဏ်သို့ ငွေလွှဲစေကာ MPU ကတ်များအသုံးပြုပြီး လိမ်လည်ရယူသူ နိုင်ငံခြားသားများ ပါဝင်ပတ်သက်သည့် ဂိုဏ်းတစ်ခုအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်အရ ဖြစ်စဉ်ခြေရာခံမိသည့် အခြေအနေမှာ မန္တလေးမြို့နေ၊ Tin Yan Naing Facebook Account သို့ Eve Garden Facebook Account အသုံးပြုသည့် အမျိုးသမီးတစ်ဦးက နိုဝင်ဘာ ၂၈ ရက်တွင် စတင်မိတ်ဖွဲ့လာခဲ့ပြီး Facebook ပေါ်၌ ခင်မင်ချိန် နှစ်ပတ်ခန့်အတွင်း ၎င်းသည် အမေရိကန်နိုင်ငံသူ၊ ကိုးရီးယားလူမျိုးတစ်ဦး ဖြစ်ကြောင်း၊ ဆီးရီးယားစစ်မြေပြင်တွင် ငြိမ်းချမ်းရေးတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ချိန် အမေရိကန်ဒေါ်လာ ၇၄၀၀၀၀ နှင့် ရွှေချောင်းများရရှိခဲ့ကြောင်း၊ ကိုဗစ်- ၁၉ ရောဂါ ကာလအတွင်း ထိန်းသိမ်းရန် အခက်အခဲဖြစ်သဖြင့် ယခု Account ပိုင်ရှင်ထံ ယုံကြည်သောကြောင့် အပ်နှံထားလိုကြောင်း၊ Delivery နည်းလမ်းဖြင့် ပစ္စည်းများပေးပို့မည်ဖြစ်ကြောင်း ပြောဆိုကာ ပစ္စည်းထုပ်များ၊ ဒေါ်လာများ၏ ဓာတ်ပုံများ ပေးပို့လာခဲ့ကြောင်း၊ နှစ်ရက်ခန့်အကြာတွင် အမျိုးသမီး တစ်ဦး၏အသံဖြင့် ၎င်းအမျိုးသားထံသို့ ဖုန်းဆက်သွယ်လာခဲ့ပြီး ရန်ကုန်လေဆိပ်ပစ္စည်း လက်ခံဌာနမှဖြစ်ကြောင်း၊ ပြည်ပမှ ပို့လိုက်သည့်ပစ္စည်းများ ရန်ကုန်လေဆိပ်သို့ ရောက်နေကြောင်း၊ ပစ္စည်းထုတ်ယူရန် အမေရိကန် ဒေါ်လာ ၁၂၅၀ (မြန်မာငွေကျပ် ၁၆၉၀၀၀၀) ကို Bank Account သို့ လွှဲပေးရန် တစ်ကြိမ် အပါအဝင် ပစ္စည်းထုတ်ယူရန် အကြောင်းအမျိုးမျိုးဖြင့် ငွေသုံးကြိမ်ကို Bank Account သုံးခုသို့ ငွေကျပ်စုစုပေါင်းသိန်း ၁၇၀၀ ကျော် လွှဲပေးခဲ့ကြောင်း။
၎င်းလွှဲပေးသည့် ဘဏ်နှင့် Account များကို ခြေရာခံ၍ သက်ဆိုင်ရာဘဏ်များနှင့် ပူးပေါင်းပြီး ငွေလာထုတ်ချိန် ဘဏ်၏ CCTV မှတ်တမ်းများ၊ Bank Account ပိုင်ရှင်များကို ဖော်ထုတ်ရာ လှိုင်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်နေ အသက် ၂၀ ကျော်ဝန်းကျင်ရှိ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ကြောင်း၊ ၎င်းတို့သုံးဦးကို စိစစ်ဖော်ထုတ်ချက်အရ ၎င်းတို့သည် သာမန်လက်လုပ်လက်စားများဖြစ်ကြောင်း၊ ၎င်းတို့ကို ငွေကျပ် ၁၀၀၀၀ စီပေး၍ ၎င်းတို့၏ အမည်၊ နေရပ်၊ မှတ်ပုံတင်နံပါတ်များကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးက MPU ကတ်များ ဘဏ်အသီးသီး၌ ပြုလုပ်စေပြီး ပြုလုပ်ပြီးချိန် ၎င်းပုဂ္ဂိုလ်မှ MPU ကတ်များ ယူဆောင်သွားခဲ့ကြောင်း။
ထို့ပြင် ကွင်းဆက် ထပ်မံစိစစ်ချက်အရ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၈) ရပ်ကွက်နေ၊ အမျိုးသားတစ်ဦး၊ ၎င်း၏ဇနီးနှင့် ဇနီး၏ ယခင်အိမ်ထောင်နှင့်ရသည့် ၂၃ နှစ်အရွယ် သားတစ်ဦး စုစုပေါင်းသုံးဦးအား ခြေရာခံဖော်ထုတ်ရမိပြီး ၎င်းတို့မှ သာမန်လက်လုပ် လက်စားများထံမှ MPU ကတ်များကို ငွေကျပ် ၁၀၀၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း၊ ဝယ်ယူရရှိသည့် MPU ကတ်များကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ (င/က) ရပ်ကွက်နေ နိုင်ဂျီးရီးယားနိုင်ငံသား EZIEFULE (ခ) ABIAZIEN WISDOM နှင့် ၎င်း၏ဇနီး မြန်မာနိုင်ငံသူ ဒေါ်စိုးစိုးစံ (ခ) နန်းစန္ဒီတို့ထံ MPU တစ်ကတ်လျှင် တစ်သိန်းကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် မြန်မာနိုင်ငံသူတို့ကို ဒီဇင်ဘာ ၁၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း။
နိုင်ဂျီးရီးယားနိုင်ငံသားအား စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းနှင့်အတူ သူငယ်ချင်းဖြစ်သူ အခြားနိုင်ဂျီးရီးယား နိုင်ငံသားတစ်ဦးတို့ ပူးပေါင်းဆောင်ရွက်ကြောင်း၊ ၎င်း၏ သူငယ်ချင်းဖြစ်သူသည် ဒီဇင်ဘာ ၅ ရက်က Relief Flight ဖြင့် ရန်ကုန်မှ မလေးရှားသို့ ထွက်ခွာသွားကြောင်း၊ ရဲတပ်ဖွဲ့မှ လေဆိပ်ဝင်/ထွက်မှတ်တမ်းများ စိစစ်ချက်အရ ထွက်ခွာသွားသည်မှာ မှန်ကန်ကြောင်း၊ လိမ်လည်ပုံစိစစ်ချက်အရ Online မှတစ်ဆင့် ၎င်းတို့သည် ယုံကြည်လွယ်သူ ပစ်မှတ်များရှာကြောင်း၊ ယခုအကြောင်းပြ ဖြစ်စဉ်အပါအဝင် အကြောင်းအရာ အမျိုးမျိုးဖြင့် ယုံကြည်အောင် စည်းရုံးပြောဆိုကြောင်း၊ ဖုန်းဆင်းကတ်အမျိုးမျိုးဖြင့် နံပါတ်အမျိုးမျိုးတို့ကိုအသုံးပြုကြောင်း၊ တစ်ဖက်သူ ယုံကြည်လာလျှင် ၎င်းတို့လက်ဝယ်ရှိ MPU ကတ်နံပါတ်များနှင့် သက်ဆိုင်ရာဘဏ်များသို့ ငွေလွှဲခိုင်းကြောင်း၊ အမျိုးသမီးဖြစ်သူ ဒေါ်စိုးစိုးစံ (ခ) နန်းစန္ဒီက အမျိုးသမီးအသံများဖြင့် ဖုန်းဆက်သွယ်ပြောဆိုသည်ဟု ပေါ်ပေါက်ခဲ့ကြောင်း။
ကနဦး စိစစ်ချက်များအရ ၎င်းတို့သည် ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း ၁၅ ဦး၊ ဇူလိုင်လအတွင်း ၁၈ ဦး၊ ဒီဇင်ဘာလအတွင်း ၁၈ ဦးတို့ကို ပစ်မှတ်ထားကာ ဆောင်ရွက်ခဲ့ကြောင်း၊ အချို့ငွေလွှဲပေးသူများရှိသလို လွှဲမပေးသူများလည်းရှိကြောင်း၊ ယုံကြည်၍ ငွေလွှဲပေးပြီးနောက် လိမ်လည်ခံရသူများမှ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် အမှုဖွင့်ထားမှုများကို ရဲတပ်ဖွဲ့ မှတ်တမ်းများအရ စိစစ်ရာ နေပြည်တော်၌ တစ်မှု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ တစ်မှု၊ တနင်္သာရီတိုင်းဒေသကြီး၌ တစ်မှု၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌ တစ်မှု၊ ကချင်ပြည်နယ်၌ နှစ်မှု၊ မန္တလေးတိုင်းဒေသကြီး၌ နှစ်မှု၊ မွန်ပြည်နယ်၌ နှစ်မှု၊ ရန်ကုန်တိုင်းဒေသကြီး၌ ၁၀ မှု၊ ရှမ်းပြည်နယ်၌ ငါးမှုရှိကြောင်း။
၎င်းတို့ကို ဖမ်းဆီးချိန်၌ နေအိမ်အတွင်းမှ ဘဏ်ပြေစာ ၄၁ ရွက်၊ ဘဏ်စာအုပ်မျိုးစုံ ၂၅ အုပ်၊ MPU ကတ်မျိုးစုံ ၅၇ ကတ်၊ ဖုန်း ၉ လုံး၊ Laptop တစ်လုံး၊ ငွေကျပ်သိန်း ၁၀၀ ကျော်၊ လေယာဉ်လက်မှတ်တစ်စောင်၊ လေယာဉ် Booking စာရွက် သုံးရွက်နှင့် Memory Stick သုံးခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး လိမ်လည်ရရှိငွေများကို လက်ရှိအချိန်၌ ခွဲဝေသုံးစွဲပြီးဖြစ်ကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဆိုင်ခန်းငှားရမ်း၍ ဒေါ်စိုးစိုးစံ (ခ) နန်းစန္ဒီမှ စတိုးဆိုင်တစ်ခု တည်ထောင်ရင်းနှီးထားကြောင်း ပေါ်ပေါက်ခဲ့ပြီး နိုင်ဂျီးရီးယားနိုင်ငံသားများ ပါဝင်ပတ်သက်နိုင်သည့် အလားတူဂိုဏ်းများလည်း ရှိနိုင်သည်ဟု ရဲတပ်ဖွဲ့က သံသယရှိသဖြင့် ဆက်လက်စစ်ဆေးနေကြောင်းနှင့် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ယခုဖော်ထုတ်ရရှိသည့် ဖြစ်စဉ်တွင် ငွေလွှဲခိုင်းသူတရားခံမှ MPU ကတ်၏ Account နံပါတ်ကို ဖော်ပြပေးပို့ကာ ၎င်း Account သို့ ငွေလွှဲထည့်ခိုင်းကြောင်း၊ နစ်နာသူတရားလိုမှ ၎င်းလွှဲပေးသည့် Account နံပါတ်၊ ရက်စွဲများကို တိကျစွာ ပြောဆိုပူးပေါင်းပါဝင်နိုင်သဖြင့် စုံစမ်းဖော်ထုတ်နိုင်မှု မြန်ဆန်ခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။
ပြည်သူလူထုအနေဖြင့် ဖြစ်စဉ်အခြေအနေကိုသိရှိထားပြီး ဆင်ခြင်သုံးသပ်နိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဆိုပါသတင်းထုတ်ပြန်ချက်တွင် သတိပေးထားသည်။
သတင်းစဉ်


