ဖားကန့်၊ ၂၃ ဒီဇင်ဘာ  

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်၊ မော်ဝမ်းကလေးရွာထိပ်ရှိ ကျောက်စိမ်းတောင် ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်း၌ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မြေစာများပြိုကျပြီး ကျင်းကမ်းပါးတွင် ကျောက်ကျင်းတူးနေသူလေးဦး မြေစာများနှင့်အတူ အောက်ဘက်ရေကန်ထဲသို့ လိမ့်ကျကာ ပျောက်ဆုံးလျက်ရှိကြောင်း မော်ဝမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

ဖြစ်တာက နေ့လယ် ၂ နာရီခွဲလောက်ပေါ့၊ သူတို့တူးတာက ကျောက်စိမ်းတောင် လုပ်ကွက်ဟောင်း ကမ်းပါးကိုတူးတာ၊ အပေါ်မှာက ဖို့မြေတွေရှိတယ်၊ ဖို့မြေတွေက သူတို့အပေါ်ပြိုကျပြီး ပြုတ်ကျသွားတာလို့ သိရတယ်၊ အောက်ဘက်မှာက ရေကန်ရှိတယ်၊ တစ်ယောက်က ဆေးရုံပို့ထားတယ်၊ လေးယောက်ကိုတော့ ခုချိန်ထိ ရှာဖွေနိုင်ခြင်း မရှိသေးပါဘူး ဟု မော်ဝမ်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဒွတ်လာက ပြောသည်။

 

မြေပြိုမှုတွင် ပါဝင်သူများ၏ နေရပ်နှင့် ကိုယ်ရေးအချက်အလက်များအား စုံစမ်းဆဲ အနေအထားသာရှိသေးပြီး မည်သူပါဝင်သွားမှန်း မသိရသေးဘဲ အဆိုပါအနီးတဝိုက် ကျင်းတူးကြသည့် ရေမဆေးကျောက်ရှာဖွေသူ နေ့စဉ် လူငါးဆယ်ခန့်ရှိနေကြောင်းလည်း သိရသည်။

 

ဖားကန့်၌ ဒီဇင်ဘာ ၁၅ ရက်ကလည်း ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီး မြန်မာသူရ ကျောက်မျက်လုပ်ကွက်ဟောင်းအတွင်း မြေပြိုကျပြီး ကျောက်ကျင်းတူးနေသူသုံးဦး သေဆုံးခဲ့ရသည်။

 

ဖားကန့်မြို့နယ်သည် မြေပြိုကျမှု၊ ကမ်းပါပြိုကျမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဇူလိုင် ၂ ရက်က ဝှေခါမှော် မြေပြိုကျမှုဖြစ်စဉ်တွင် လူ(၁၇၂)ဦး သေဆုံးခဲ့ကာ ဖားကန့်မြို့နယ်အတွင်း လူအသေအပျောက် ဖြစ်မှုအများဆုံး ဖြစ်စဉ်ဖြစ်ခဲ့သည်။

 

ဖားကန့်ရတနာနယ်မြေအတွင်း ယခုနှစ်အတွင်း မြေပြိုမှု၊ ကမ်းပါးပြိုကျမှုများကြောင့် လူ ၂၅၀ နီးပါးထိ သေဆုံးခဲ့ပြီ ဖြစ်သည်။

 

တာလင်းမောင်(ပြန်/ဆက်)