လှည်းကူး၊ ၂၃ ဒီဇင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာအုပ်စု၊ စပ်စုကျေးရွာ၊ အမှတ်(၂)လမ်းမဘေး၊ မိုင်တိုင်(၂၇)မိုင်(၅)ဖာလုံရှိ ဒေါ်နွေးနွေး (၃၈)နှစ်၏ ဆီသိုလှောင်ကန်အတွင်းသို့ ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီ ၃၃ မိနစ်ခန့်က ဂါလန် (၈၀၀၀)ဆံ့ ဆီသယ်ယာဉ်မှ (၂)လက်မပိုက်အသုံးပြု၍ ပန့်ဖြင့် ဆီသိုလှောင်ကန်အတွင်းသို့ ရွှေ့ပြောင်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဂါလန် (၈၀၀၀)ဆံ့ ဆီသယ်ယာဉ်မှ ဆီသိုလှောင်ထားသော အကျယ် (၁၅၀ x ၅၀)ပေ သွပ်မိုး၊ ဂါလန် (၄၀၀၀)ဆံ့ ဆီသိုလှောင်ကန် (၂)လုံးအတွင်းသို့ Ground Earth အသုံးပြုခြင်းမရှိဘဲ (၂)လက်မ လည်ချောင်းပိုက်အသုံးပြု၍ ပန့်ဖြင့် ဒီဇယ်ဆီရွှေ့ပြောင်းရာမှ တည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်အရ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ဒါးပိန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ထောက်ကြန့်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီးအပါအဝင် ရန်ကုန်မြို့နယ်အတွင်းမှ မီးငြှိမ်းသတ်ယာဉ် စုစုပေါင်း (၁၀)စီး၊ အမြှုပ်မီးငြှိမ်းသတ်ယာဉ် (၉)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ ကွပ်ကဲမှုယာဉ် (၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၃၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၇၇)ဦးတို့ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဒီဇယ်ဆီ (၁၅၀၀)ဂါလန်၊ ဂါလန် (၈၀၀၀)ဆံ့ ၂၂ ဘီးယာဉ်၏ ခေါင်းခန်းနှင့် ယာဉ်ပေါ်ပါဆီတိုင်ကီ၏ အချင်း(၆)ပေ၊ အရှည်(၄)ပေရှိ ဆီကန့်(၁)ခု၊ (၁၀၀ x ၅၀)ပေ သွပ်မိုး၊ မြေစိုက်အဆောက်အဦ၏ (၂၀ x ၅၀)ပေခန့် မီးလောင်ခဲ့ပြီး အလုပ်သမားဖြစ်သူ ဦးဇင်ကိုထက် (၁၇)နှစ် ဇရပ်ကွင်းကျေးရွာ၊ သံလမ်းနေထိုင်သူတွင် ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သောကြောင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲခဲ့သည့် အောင်မင်းဟိန်း (၁၉)နှစ် ဇရပ်ကွင်းကျေးရွာ၊ လှည်းကူးမြို့နယ်နေသူအား လှည်းကူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)
