ပြင်ဦးလွင်၊ ၂၄ ဒီဇင်ဘာ
ပြင်ဦးလွင်မြို့သို့ ခရစ္စမတ်ပွဲတော်နှင့် နိုင်ငံတကာ နှစ်သစ်ကူးနေ့ ကာလရှည် ရုံးပိတ်ရက်များအတွင်း လာရောက် လည်ပတ်သူများအား တားမြစ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနရုံးမှသိရသည်။
“ခရစ္စမတ်ပိတ်ရက် ဒီဇင်ဘာ ၂၅၊ ၂၆၊ ၂၇ ရက်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက် ဒီဇင်ဘာ ၃၁ ရက်ကနေ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်အထိ အဲဒီရက်တွေမှာ ပြင်ဦးလွင်စစ်ဆေးရေးဂိတ်ကိုလည်း ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားမှာဖြစ်ပါတယ်” ဟု ခရိုင် ဉီးစီးမှူး ဒေါက်တာသန်းဝင်းက ပြောသည်။
ထို့အပြင် မြို့ရှောင်လမ်း၊ ထင်းရှူးတော စသည့်နေရာများ၊ မြို့တွင်း လူစည်ကားရာ လည်ပတ်နိုင်သည့် နေရာများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှဝန်ထမ်းများနှင့်ပူးပေါင်းကာအဖွဲ့ (၄)ဖွဲ့ခွဲ၍ စစ်ဆေး သွားမည်ဖြစ်ပြီး (၂၃)မိုင်ဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကျန်းမာရေးထောက်ခံစာ မပါရှိဘဲ အလည် လာရောက်သူများအား ဝင်ရောက်ခွင့်မပြုကြောင်း သိရသည်။
မြတ်ဆုမွန်


