ချောင်းဦး၊ ၂၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စက်မှုလယ်ယာဦးစီးဌာနမှ စပါးတင်း ၅၀၀ ဆံ့ စပါးအခြောက်ခံ သန့်စင်စက် သရုပ်ပြပွဲကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီက မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ် ၃၉ စက်မှုလယ်ယာစခန်းတွင် ကျင်းပသည်။
သရုပ်ပြပွဲတွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦး၀င်းမြင့်ခင်တို့က အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ကျော်ဦးက တောင်သူများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေမှုနှင့် ဌာနအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ချောင်းဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦး၀င်းမြင့်က ယခု စပါးတင်း ၅၀၀ ဆံ့ အခြောက်ခံသန့်စင်စက်သည် သီးနှံမျိုးစုံကို အခြောက်ခံသန့်စင်နိုင်ပြီး မိမိတို့စိုက်ပျိုးရောင်းချနိုင်ရန်အတွက် အသုံး၀င် ကြောင်း၊ စက်လည်ပတ်ရန် စပါးခွံမီးဖြင့် မောင်းနှင်ရပြီး တင်း ၅၀၀ တစ်ခါထည့်မောင်းလျှင် ၈ နာရီမှ ၁၀ နာရီထိ ကြာကြောင်း၊ စပါးခွံ ၈ အိတ်မှ ၁၀ အိတ်ကုန်ကြောင်း၊ တောင်သူများ လာရောက် အခြောက်ခံသန့်စင်လျှင် မျှတသော နှုန်းထားဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တောင်သူများအား ရှင်းလင်းပြောပြသည်။
သရုပ်ပြပွဲသို့ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦး၀င်းမြင့်ခင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဘော်၊ စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးကျော်ကျော်ဦး၊ ချောင်းဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး၀င်းမြင့်နှင့် ၀န်ထမ်းများ၊ စိတ်ပါ၀င်စားသူတောင်သူများက စက်မောင်းနှင်အသုံးပြုပုံကို ကြည့်ရှုလေ့လာခဲ့ကြသည်။
အိအိအောင်(ချောင်းဦး)


