ဘုတလင်၊ ၂၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ငရုတ်သီးစိမ်းနှင့် ငရုတ်သီးခြောက် ဈေးကောင်းသဖြင့် ငရုတ်စိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ကံသာကျေးရွာမှ ငရုတ်စိုက်တောင်သူ ဒေါ်မျိုးပပခိုင်ထံမှ သိရသည်။
ငရုတ်ပင်ကို မေလတွင်စတင်ပျိုးထောင်ပြီး ဇွန်လတွင် ရေသွင်းစိုက်ပျိုးကာ စိုက်ပြီးတစ်လခွဲကြာလျှင် အသီး ခူးဆွတ်ရရှိပြီး ငရုတ်သီးကို စတင်အသီးသီးချိန်မှ ၁၀ လကြာအထိ ငရုတ်သီးများ ခူးဆွတ်ရောင်းချရကြောင်း သိရသည်။
“ဒီနှစ် ငရုတ်ကို 004 မျိုးနဲ့ Sun 99 မျိုးတွေ စိုက်ထားပါတယ်။ ငရုတ်သီးက တစ်လကို နှစ်ကြိမ် ခူးရပါတယ်။ ဒီနှစ် ငရုတ်သီးစိမ်းဈေးက တစ်ပိဿာကို ၁၀ဝ၀ ကျပ်ကနေ ၁၅၀ဝ ကျပ်လောက်အထိ ရရှိပါတယ်။ ငရုတ်သီးခြောက် ဈေးက တစ်ပိဿာကို ၃၅၀ဝ ကျပ်ကနေ ၅၀ဝ၀ ကျပ်အထိဈေးရတော့ တကယ်လို့ ငရုတ်သီးစိမ်းဈေးကွက် မကောင်းခဲ့ရင်လည်း ငရုတ်စိုက်တောင်သူတွေက ငရုတ်သီးကို အမှည့်ခြောက်အထိထားပြီး ငရုတ်သီးခြောက်ကိုပဲ ရောင်းချပါတယ်”ဟု ဒေါ်မျိုးပပခိုင်က ပြောသည်။
ဘုတလင်မြို့နယ်မှ ထွက်ရှိသော ငရုတ်သီးများကို မုံရွာ၊ ရေဦး ဈေးကွက်အထိ တင်ပို့ရောင်းချလျက်ရှိပြီး ဘုတလင်မြို့နယ်တွင် သာမို-11 ငရုတ်မျိုးကို အများဆုံးစိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဖိုးခါး(ပြန်/ဆက်)


