ရန်ကုန်၊ ၂၄ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ မြခွာညိုလမ်းရှိ သာကေတ မိကျောင်းမွေးမြူရေးစခန်းကို အပန်းဖြေစခန်းအဖြစ် ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်တွင် ဖွင့်လှစ်ခဲ့ရာ ယနေ့တိုင် ပိတ်ရက်မရှိ အများပြည်သူနှင့် နိုင်ငံခြားခရီးသွားများကို ပြသလျက်ရှိသကဲ့သို့ ရုံးပိတ်ရက်နှင့် အခါကြီး ရက်ကြီးများတွင် မိကျောင်းနှင့်အတူ ပြကွက်ခုနစ်မျိုးကို ပြသလျက်ရှိသည်။
အများပြည်သူ စိတ်စင်စားသော ပြကွက်များမှာ မိကျောင်းပါးစပ်အတွင်း ပိုက်ဆံထည့်ပြီး ထိုပိုက်ဆံအား ပြသသူမှ ပါးစပ်ဖြင့်ကိုက်၍ ထုတ်ယူပြသသော ပြကွက်၊ မိကျောင်းခေါင်းကို ထိပြသောပြကွက်၊ ပါးစပ်ဟနေသော မိကျောင်း ပါးစပ်အတွင်း လက်ကိုဖြတ်သန်းပြသော ပြကွက်တို့ဖြစ်သည်။
ငမိုးရိပ်ချောင်းအနီးရှိ ဧက ၄၀ ကျယ်ဝန်းသော သာကေတ မိကျောင်းမွေးမြူရေးစခန်းတွင် တစ်ပေအရွယ်မှ ၁၀ ပေအထက် အရွယ်စုံ မိကျောင်းကောင်ရေ ၅၅၀ ကျော် မွေးမြူထားပြီး ကမ္ဘာတွင် ရှားပါးစ ပြုနေပြီဖြစ်သော ရေငန်မိကျောင်း (Crocodylus porosus) တစ်မျိုးတည်းကိုသာ ထိန်းသိမ်း ပြသလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နက္ကခေါ် အင်းမိကျောင်း (Crocodylus palustris)၊ သံသုမာ/ငမိုးရိပ် ခေါ် ရေငန်မိကျောင်း (Crocodylus porosus) နှင့် ကုမ္ဘိလမိကျောင်း(Garvialis ga ngeticus) နှင့် ထိုင်းမိကျောင်း (Crocodylus siamensis) စသော မျိုးစိတ်တို့ကို တွေ့ရှိရမည်ဖြစ်ရာ သာကေတ မိကျောင်းမွေးမြူရေးစခန်းတွင် သံသုမာ/ငမိုးရိပ် ခေါ် ရေငန်မိကျောင်းကို မွေးမြူပြသလျက်ရှိသည်။
မိကျောင်းများသည် သက်တမ်း ၇၀ မှ ၁၀ဝ ထိ အသက်ရှင်သန်နေနိုင်ပြီး ဖေဖော်ဝါရီလမှ စတင်ကာ မိတ်လိုက်တတ်ကြသည်။ ဧပြီလတွင် စတင်ဥချပြီး တစ်ကောင်လျှင် ၂၀ မှ ၇၀ ထိ ဥလေ့ရှိသည်။ ရက် ၉ဝ အကြာတွင် ရှစ်လက်မအရွယ်ရှိ အကောင်ပေါက်များပေါက်လျက် တစ်နှစ်အကြာတွင် တစ်ပေခန့် အထိ ကြီးထွားကြောင်း သိရသည်။
သစ္စာ


