တောင်ကြီး၊ ၂၄ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက ကျောင်းကြီးစုရပ်ကွက် ဝါးပြားလမ်းဆုံတွင် နှာခေါင်းစည်း (Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များက ဝါးပြားလမ်းဆုံ မီးပွိုင့်၌ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၊ ညွှန်ကြားချက်များကို အသိပညာပေး ပြောကြားကာ နှာခေါင်းစည်း (Mask)များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
တောင်ကြီးမြို့နယ်နေ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်အပြင်သို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ပြီးမှသာ ထွက်ခွာရန်၊ လူစုလူဝေးနေရာများ ရှောင်ရှားရန် စသည့်ထုတ်ပြန်ချက်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပြည်သူများသို့ နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


