ရန်ကုန်၊ ၂၄ ဒီဇင်ဘာ

 

ရန်ကုန်တောင်ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးအား ယခင် သန်လျင်မြို့၊ မြို့ဟောင်းရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းမကြီး၌ ဖွင့်လှစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာမှ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းမှ စတင်ကာ သန်လျင်မြို့၊ ဘုရားကုန်းကျေးရွာ၊ ဇာမဏီအနောက်ကွင်း၊ သီလဝါလမ်းကြီးဘေးရှိ ခရိုင်ရုံးအသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်နေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက အဆိုပါ ရန်ကုန်တောင်ပိုင်းခရိုင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးမှ သိရသည်။

 

ရန်ကုန်တောင်ပိုင်းခရိုင် ကုန်လမ်းပို့ဆောင်ရေးညွှန်မှုဦးစီးဌာနမှ ယာဉ်စစ်ဆေးခြင်းလုပ်ငန်း များ၊ ယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်းများနှင့် ယာဉ်မောင်းလိုင်စင်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ရုံး အသစ်ဝင်းအတွင်း စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် အဆိုပါ ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ၊ ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် ယာဉ်မောင်းလိုင်စင်ဆိုင်ရာ လုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများစတင် ပြန်လည်ဆောင်ရွက်ရမည့် နေ့ရက်အား သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ခရိုင်ရုံး တာဝန်ရှိသူထံမှ သိရသည်။

 

အဆိုပါ ရန်ကုန်တောင်ပိုင်းခရိုင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးအသစ်အား သန်လျင်-သီလဝါ လမ်းမကြီးအတိုင်း ရေကြောင်းတက္ကသိုလ်လမ်းဆုံအနီးတွင် ရုံးလမ်းညွှန် ဆိုင်းဘုတ်ထားရှိပြီး ခရိုင်ရုံး ဖုန်း ၀၅၆ ၂၂၀၀၁၊ ၀၅၆ ၂၁၀၈၀  သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)