၂၄ ဒီဇင်ဘာ
အာဂျင်တီးနား နိုင်ငံတွင် ရုရှားထုတ် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးအား ဗုဒ္ဓဟူးနေ့က အရေးပေါ် သုံးစွဲခွင့်ပြုလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။
ရုရှားနိုင်ငံထုတ် ကာကွယ်ဆေး Sputnik V အား သုံးစွဲခွင့် ခွင့်ပြုတဲ့ ပထမဆုံး လက်တင်အမေရိက နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒီနေ့ (ကြာသပတေးနေ့) မှာ ပထမအကြိမ် အနေနဲ့ Sputnik V ကာကွယ်ဆေး ၂၅ သန်း ရောက်ရှိမယ်လို့ သိရပါတယ်။
အာဂျင်တီးနား လေကြောင်းလိုင်းက မော်စကို ကို သွားရောက်ပြီး ဆေးအလုံးရေ ၃၀၀,၀၀၀ တင်ဆောင်ဖို့ အင်္ဂါနေ့က သွားရောက်ခဲ့ကြောင်း သိရပါတယ်။ ကာကွယ်ဆေးတင်လေယာဉ် နိုင်ငံကို မရောက်ခင်မှာ အာဂျင်တီးနား အစိုးရက ကာကွယ်ဆေးကို အသုံးပြုခွင့် ပေးခဲ့တာလို့ ဆိုပါတယ်။
ရုရှားထုတ် ကာကွယ်ဆေးဟာ လူအများအပြား အပေါ်မှာ မစမ်းသပ်ခင် မှတ်ပုံတင်ခဲ့တဲ့အတွက် ရုရှားနိုင်ငံတွင်းနဲ့ နိုင်ငံတကာမှာ ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ ရုရှားကာကွယ်ဆေး ထုတ်လုပ်သူတွေက Sputnik V ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်းကျော် အစွမ်းထက်ကြောင်း ပြောကြားထားပါတယ်။
အာဂျင်တီးနား သမ္မတ အယ်လ်ဘတ်တို ဖာနန်ဒတ်ဇ်က နှစ်ကုန်ပိုင်းမှာ လူဦးရေ ၃၀၀,၀၀၀ လောက်ကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ ၂၀၂၁ ခုနှစ် ပထမနှစ်လမှာ လူဦးရေ ၁၀ သန်းကို ကာကွယ်ဆေး ထိုးနိုင်ရန် မျှော်လင့်ကြောင်း ပြောပါတယ်။
လူဦးရေ ၄၄ သန်းနေထိုင်တဲ့ အာဂျင်တီးနား နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁.၅ သန်းရှိပြီး သေဆုံးသူ ၄၂,၀၀၀ ကျော် ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP