မုံရွာ ၊ ၂၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် သရက်ကန်ကျေးရွာအုပ်စု၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)အထူးဇုန်အဖြစ် ဖော်ဆောင်ကာ ရွှေဘိုပေါ်ဆန်းစပါးမျိုး ဧက(၄၀ဝ၀)ကို ဖော်ဆောင်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
“ ပုံမှန်စိုက်တဲ့သီးနှံနဲ့ GAP စနစ်နဲ့ စိုက်တဲ့သီးနှံတွေရဲ့ အရည်အသွေးတွေ၊ ဈေးကွက်တွေကို တောင်သူ လယ်သမားတွေ ကိုယ်တိုင်သိရှိပြီး GAP စနစ်ကို အလုံးစုံ လိုက်ပါစိုက်ပျိုးနိုင်ရေး လုပ်ဆောင်ပေးတာ ဖြစ်တယ်၊ ဒီစိုက်နည်းစနစ်ကို ပြောင်းလဲဖို့ လိုအပ်တဲ့ စိုက်နည်းစနစ်တွေ၊ လိုအပ်တဲ့ အထွက်နှုန်းကောင်း မျိုးတွေ၊ စိုက်ခင်းတွေ ပြင်ဆင်မှုအပိုင်းတွေကို စိုက်ပျိုးရေးဦးစီးဌာနမှာရှိတဲ့ ဝန်ထမ်းတွေက စိုက်ခင်းထဲ အရောက်လိုက်ပြီး အသိပညာပေးတာတွေ လုပ်ဆောင်ပေးနေပြီ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
ဒီပဲယင်းမြို့နယ် သရက်ကန်ကျေးရွာအုပ်စုတွင် တည်ထောင်လုပ်ကိုင်လျက်ရှိသော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)အထူးဇုန်၌ ရွှေဘိုပေါ်ဆန်းစပါးမျိုးကို တောင်သူ(၈၉၄)ဦးပိုင် စိုက်ဧက (၄၀ဝ၀) ကို၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် တစ်ကွင်းတစ်စပ်တည်း တည်ထောင် စိုက်ပျိုးထားခြင်း ဖြစ်ပြီး Farm Record များ ထည့်သွင်းခြင်း၊ Group Certeficate လျှောက်ထားနိုင်ရေးအတွက် မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


