ကျောက်ဖြူ ၊    ၂၄    ဒီဇင်ဘာ

 

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမ၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး(၂/၂၀၂၀)ကို ဒီဇင်ဘာ  ၂၄  ရက်  နံနက် ၁၀ နာရီက အဆိုပါခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်အဆင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း  သိရသည်။

 

အခမ်းအနားကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ခရိုင်ကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုခရိုင် အုပ်ချုပ်ရေး မှူး ဦးချမ်းသာ အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အွန်လိုင်း စနစ်ဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုများအတွက် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ် များကို ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ထွန်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာန အလိုက် ကလေးသူငယ်များအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသီးသီးတင်ပြခဲ့ကြရာ ခရိုင်ကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုခရိုင်အုပ်ချုပ်ရေးမှူး တင်ပြချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး လိုအပ်ချက်များကို  ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့သည်။

 

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ခရိုင်အဆင့် ဌာနဆိုင်ရာများဖြစ်ကြသော  ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်တရားသူကြီး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက် ခဲ့ကြကြောင်း  သိရသည်။

 

ဖြိုးထွန်း(ပြန်/ဆက်)