နမ္မတူ၊   ၂၄   ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့် ပြည်တွင်းလေယာဉ် ခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့် ဒေသခံပြည်သူ ခရီးသည်များအား ခရီးသွားမည့်ရက်ထက် တစ်ရက်ကြိုတင်၍ နေ့စဉ် ရုံးပိတ်ရက် အပါအဝင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ ဓာတ်ခွဲနမူနာရယူစစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေး ဆောင်ရွက်ပေးရာတွင် ပြည်တွင်းလေယာဉ်ခရီးစဉ်ဖြင့် ခရီးသွားမည့် ဒေသခံ ပြည်သူများ အနေဖြင့် လေယာဉ်လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) အခြားသက်သေခံ အထောက်အထားနှင့် (၆)လအတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံ (၁)ပုံ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဓာတ်ခွဲနမူနာရယူစစ်ဆေးကာ ပြည်တွင်းလေယာဉ်ခရီးစဉ်ဖြင့် ခရီးသွားမည့် ဒေသခံ ပြည်သူများအား နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်ပေးကာ ရောဂါပိုး မတွေ့ရှိကြောင်း ထောက်ခံချက်ထုတ်ပေးခြင်းနှင့် ရောဂါပိုးတွေ့ရှိပါက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စည်းမျဉ်း/စည်းကမ်းများအတိုင်း ကုသမှုပေးသွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

လူမော် (ပြန်/ဆက်)