ကျောက်ထု ၂၄ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းများကို ကျောက်ထုမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ကြရာတွင် ပွင့်လင်းရာသီကျရောက်ပြီဖြစ်သည့်အတွက် လျှပ်စစ်အန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရန်အတွက်နှင့် မီးဘေးကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်နိုင်ရန် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ အိမ်တွင်းဝါယာကြိုးနှင့် မီးခလုတ်များ ပျက်စီးမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများအား ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစီအစဉ်နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ အစီအစဉ် ဆောင်ရွက်မှုများဖြင့် ကျောက်ထုဒေသ ရပ်ကွက်၊ ကျေးရွာ ၄၅ ခုရှိရာ ရပ်ကွက်၊ ကျေးရွာ ၃၀ ၌ ယခုနှစ်တွင် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေပြီဖြစ်ကြောင်း သိရသည်။
မောဟေမာန်(ပြန်/ဆက်)


