နောင်ချို၊ ၂၄ ဒီဇင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့အဝင် ခြေမြစ်ပင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်သည် ရှမ်းပြည်နယ်၏ အဝင်တံခါးမြို့ဖြစ်ပြီး ပြည်နယ်အတွင်း ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသွင်ကိုကိုမင်း ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား (၃)ရက်အတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက်ပါ မပါ စစ်ဆေးခြင်း၊ ရှမ်းပြည်နယ်အတွင်း အမှန်တကယ်နေထိုင်ပြီး မိမိနေရပ်သို့ပြန်လာသည့် ခရီးသွားများအား သက်ဆိုင်ရာ မြို့နယ်များနှင့် ချိတ်ဆက်၍ ဝင်ရောက်နိုင်ရန် စီစဉ်ပေးခြင်း၊ ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ယာဉ်များနှင့် ခရီးသည်စာရင်းများမှတ်သားခြင်း၊ နောင်ချိုမြို့နယ်အတွင်း ကုန်ပို့မည့် ကားများအား မြို့တွင်းသို့ဝင်ရောက်ခွင့်မပြုဘဲ စစ်ဆေးရေးဂိတ်၌သာ ကားချိန်း၍ သယ်ဆောင်စေခြင်းတို့ကို ကြပ်မက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်အတွင်းမှ ထွက်ခွာမည့်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ Tesk Kit ဖြင့် စစ်ဆေးခြင်းကို နေ့စဉ်စစ်ဆေးပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား နောင်ချိုမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးကာ ပိုးတွေ့သူနှင့် ထိစပ်မှုရှိသူများကို အထက(၁) Quarantine Centre တွင် ထားရှိကာ လိုအပ်သော စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်ဆက်)


