မကွေး၊ ၂၄ ဒီဇင်ဘာ     

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး လိုက်ပါကာ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၈ နာရီအချိန်က မကွေးမြို့နယ် ကံပြားကျေးရွာအနီးရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် PC Myanmar တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် နှမ်းကုန်ချောထုတ်စက်ရုံ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် နှမ်းကုန်ချောထုတ်စက်ရုံသို့ ရောက်ရှိစဉ် စက်ရုံအတွင်းလုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုဆောင်ရွက်ရာ တာဝန်ရှိသူတို့က လိုက်လံရှင်းလင်း ပြသခဲ့ကြပြီး ရှင်းလင်းဆောင်တွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က က ဒေသတောင်သူများ ရေရှည်တည်တံ့သည့် အကျိုးစီးပွား ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ တောင်သူများကိုယ်တိုင် စီမံခန့်ခွဲနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ နှမ်းကုန်ချောထုတ်စက်ရုံ တာဝန်ခံက စက်ရုံ လည်ပတ်နေမှု အခြေအနေများနှင့် ပဲထောပတ်၊နှမ်းထောပတ် ထုတ်လုပ်ပြီး  ရန်ကုန်၊မန္တလေးရှိ အရောင်းစင်တာ(၃၇)ခုနှင့် အခြားမြို့များသို့ အမှာစာပေးပို့ ရောင်းချနေမှုနှင့် EU နိုင်ငံများသို့ ဈေးကွက်ချိတ်ဆက်ရန် လုပ်ငန်းစီမံဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကာ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး  ဦးဝင်းမော်ဌေးက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသတောင်သူများ တိုးချဲ့ပညာပေး စည်းရုံးရန် နှင့် ပိုမိုတိုးတက်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြခဲ့မှုနှင့် နှမ်းကုန်ချောထုတ်စက်ရုံ၏ လုပ်ငန်းလည်ပတ် လုပ်ဆောင်မှု အခက်အခဲများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် PC Myanmar  တို့၏ ကူညီပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ မကွေးမြို့ နှမ်းကုန်ချောထုတ်စက်ရုံတွင် GAP နှမ်းတွေ သန့်စင်ပေးခြင်း၊ အရောင်ခွဲပေးခြင်းတို့ကို တောင်သူများ သက်သာမှန်ကန်တဲ့ နှုန်းထားတွေနဲ့ ကူညီပေးနေတဲ့အပြင်  ထမင်းပူပူလေး၊  သီးရွက်စုံကြော် ဒါမှမဟုတ် ပေါင်မုန့်မီးကင်လေးနဲ့ ဆမ်းပီးစားလို့ရတဲ့၊ အရသာမွှေးကြိုင်လတ်ဆတ်ပြီး ဓါတုကင်းလွတ် "နှမ်းထောပတ်""ပဲထောပတ်" တွေကိုလည်း ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်” ဟု နှမ်းကုန်ချောထုတ်စက်ရုံ တာဝန်ခံက ပြောသည်။

အဆိုပါလုပ်ငန်းကို မကွေးဒေသအတွင်း နှမ်းစိုက်သူများကို စုစည်းကာ ကိုယ်စားပြုပြီး အချင်းချင်း အတွေ့အကြုံဖလှယ်နိုင်စေပြီး  စုပေါင်းကာ လက်ကားရောင်းဝယ်နိုင်ရေး၊ အများပိုင် စက်ပစ္စည်းနှင့် ငွေကြေးစသည့် အရင်းအနှီးများကို စီမံအုပ်ချုပ်ရန်နှင့်နှမ်းစိုက်သူများ၏ စုပေါင်း အင်အားဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရေး ရည်မှန်းကာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)