ပဲခူး၊ ၂၄ ဒီဇင်ဘာ
ပဲခူးမြစ်ကိုဖြတ်ကျော်၍ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်စပ်ပေးမည့် သန်လျင်-ရန်ကုန် အမှတ်(၃) တံတားကြီး တည်ဆောက်မှုမှာ ၆၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး၊ တံတားတည်ဆောက်မှုအားလုံး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်း သန်လျင်မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ထွန်းက ပြောသည်။
တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သန်လျင်မြို့နယ်မှလွှတ်တော်ကိုယ်စားလှယ်များက မြို့နယ်မှ တာ၀န်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၁ ရက်က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
တံတားကြီးကို အပိုင်းသုံးပိုင်းခွဲခြား တည်ဆောက်လျက်ရှိရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက "တံတားကြီးကို အပိုင်းသုံးပိုင်း ပိုင်းဖြတ်ပြီး တည်ဆောက်နေတာပါ၊ Package 1,2,3 ဆိုပြီးတော့ပေါ့၊ Package 1 နဲ့ 2 ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းက စတင်ခဲ့တာပါ၊၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလထဲမှာ ပြီးဖို့ရာထားတယ်၊ Package 3 ကိုတော့ ၂၀၁၉ မေလအတွင်းက စတယ်၂၀၂၁ ခုနှစ်မေလထဲမှာပြီးစီးမယ်လို့ လျာထားချက်ရှိပါတယ်၊"
Package 1 က သန်လျင်ဘက်အခြမ်းမှာပါ၊ မြစ်ထဲအထိပေါ့ ၁၃၁၂ မီတာရှည်မယ် Package 2 က ၁၃၆၃ မီတာရှည်မယ် တစ်ဘက်ကမ်း(သာကေတ)ရောက်တဲ့အထိပေါ့၊ Package 3 က ၈၂၅ မီတာရှည်မယ်၊ သာကေတကုန်းပေါ် အဝိုင်းထိပ်နားအထိလောက်ကို မိုးပျံတံတားပုံစံနဲ့ ကို သွားမှာပေါ့၊ အခုလောလောဆယ် Package 1 ရဲ့ပြီးစီးမှုက ပြီးခဲ့တဲ့ နို၀င်ဘာလအကုန်အထိ ၄၉ ဒသမ ၅၉ ရာခိုင်နှုန်း ပြီးစီးနေပါပြီ ၊နဂိုရည်မှန်းချက်က ၆၂ ဒသမ ၆၃ ရာခိုင်နှုန်းပါ ဒါပေမယ့်ကိုဗစ်ကြောင့် လုပ်ငန်းတုံ့ဆိုင်းမှုလေးတွေ ရှိခဲ့တဲ့အတွက်ပါ။”
"Package 2 ကလည်း ပြီးခဲ့တဲ့နို၀င်ဘာ အကုန်မှာ ၆၃ ဒသမ ၉၆ ရာခိုင်နှုန်းပြီးဖို့ မျှော်မှန်းခဲ့ပေမယ့် ၅၀ ဒသမ ၀၆ ပဲ ပြီးစီးမှုရှိခဲ့ပါတယ်၊ Package 3 က အခုနို၀င်ဘာလအကုန်မှာ သူတို့မှန်းထားတဲ့ ၇၈ ဒသမ ၈၆ ရာခိုင်နှုန်း ထက်ပိုပါတယ်၊ ၈၃ ဒသမ ၇၇ ရာခိုင်နှုန်းပြီးစီးသွားပါပြီ တံတားတစ်ခုလုံးရဲ့ ပြီးစီးမှုကို ခြုံပြောရရင်တော့ ၆၀ ရာခိုင်နှုန်း နီးပါးအထိပြီးစီးနေပြီလို့ဆိုရမှာဖြစ်ပါတယ်"ဟု ရှင်းပြသည်။
သန်လျင်-ရန်ကုန်အမှတ်(၃)တံတားကို ဆောက်လုပ်ရေး၀န်ကြီးဌာန၊ တံတားဦးစီးဌာနက တာ၀န်ခံ၍ ဂျပန်နိုင်ငံမှ ကုမ္ပဏီများဖြစ်သည့် Sumitomo Mitsui Construction နှင့် Yokogawa Bridge တို့က Package 1နှင့် 2 ကို လည်းကောင်း၊ Package 3 ကို Tokyu Construction တို့က တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
အမှတ်(၃)သန်လျင်-ရန်ကုန် တံတားသစ်ကြီးကို လက်ရှိတံတားဟောင်းတစ်ခုဖြစ်သည့် သန်လျင်အမှတ်(၁)တံတားနှင့် ယှဉ်လျှက် မီတာ ၁၂၅ အကွာတွင် တည်ဆောက်နေခြင်းဖြစ်သည်။ အမှတ်(၃)တံတားသစ်ကြီး ပြီစီးပါကလည်း တံတားအဟောင်းကိုလည်း ဆက်လက်အသုံးပြုသွားနေဦးမည်ဟု သိရသည်။
တံတားကြီးတည်ဆောက်ပြီး၊ ဖွင့်လှစ်နိုင်ပါက မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းကပင်" ကျွန်တော်တို့ သန်လျင်မြို့နယ်ကိုအတော်များများက ဒုတိယပြင်ဦးလွင်လို့ တင်စားခေါ်ဝေါ်ကြတယ် ခင်ဗျ အေးချမ်းပြီးနေထိုင်လို့ ကောင်းတဲ့ ရှေးဟောင်းမြို့လေးတစ်မြို့ပါ၊ အလုပ်က အငြိမ်းစားယူပြီးတဲ့ ဝန်ထမ်းတွေက ကြိုက်ကြတယ်၊ စီးပွားရေးလုပ်ဖို့ကျတော့ မြစ်ခြားနေတာရယ်၊ တံတားအခက်အခဲကြောင့် စဉ်းစားကြတယ် အခုဆို သီလဝါ အထူးစီးပွားရေဇုန်ကြီးက ပေါ်လာတဲ့အပြင် JICA အကူအညီနဲ့ ကျိုက်ခေါက်ဘုရားလမ်းကြီးကလည်း နိုင်ငံတကာ အဆင့်မီရှိလာပြီ၊ အခုဒီတံတားသစ်ကြီးကလည်း မကြာမီပြီးတော့မှာမို့ သန်လျင်နဲ့ ၀န်းကျင်တစ်ခွင်ကတော့ဗျာ ပြောစရာရှာလို့ မရလောက်အောင် ဖွံ့ဖြိုးမှုတွေနဲ့အတူ တိုးတက်လာတောမှာပါ "ဟု ဆိုထားသည်။
တင်၀င်းလေး(ကြည့်မြင်တိုင်)
ဓာတ်ပုံ-သန်း၀င်း(သန်လျင်)


