မန္တလေး၊ ၂၄ ဒီဇင်ဘာ
မန္တလေးမြို့ အမရပူရမြို့နယ် ဂျိုရွာနှင့် တမုဆိုးကျေးရွာရှိ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ထုတ်ပေးထားသည့် လယ်မြေများတွင် မိုးစပါးစိုက်ပျိုးရာ CERP အစီအစဉ်ဖြင့် စိုက်ပျိုးခဲ့သည်။ အဆိုပါ စိုက်ပျိုးမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမရပူရမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက အစအဆုံး ကူညီပေးသည့်အတွက် တောင်သူများ အကျိုးအမြတ် ပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း စပါးစိုက်တောင်သူ ဦးတင်မြင့်ထံက သိရသည်။
နှစ်စဉ် မိုးစပါးစိုက်ပျိုးရာတွင် စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ လယ်တစ်ဧက စိုက်ပျိုးစရိတ် ငွေကျပ် သုံးသိန်းငါးသောင်းခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် စက်မှုလယ်ယာဦးစီးဌာနက ကူညီပေးသည့်အတွက် စပါးတစ်ဧက စိုက်ပျိုးစရိတ်ငွေကျပ် တစ်သိန်းငါးသောင်းခန့်သာ ကုန်ကျကြောင်း၊ လက်ရှိကာလ လယ်တစ်ဧက စပါးတင်း (၈၀)နီးပါး ထွက်ခြင်း၊ စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာခြင်းများကြောင့် စပါးစိုက်တောင်သူများ အကျိုးအမြတ် ပိုမိုရရှိသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း အမရပူရမြို့နယ် ဂျိုရွာမှ စပါးစိုက်တောင်သူ ဦးစိုးဝင်းက ပြောပြသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးမှုတွင် အမရပူရမြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် စပါးစိုက်တောင်သူများကို မျိုးစပါးဝယ်ယူရန်အတွက် ငွေကြေးထောက်ပံ့ခြင်း၊ စက်ဖြင့်စိုက်ပျိုးနိုင်ရန် စပါးပျိုးထောင်ခြင်းအတွက် နည်းပညာပေးကာ စိုက်နိုင်သည့်အရွယ်အထိ ကြီးကြပ်ပေးခြင်း၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးပေးခြင်း၊ စက်ဖြင့် ကြားပေါင်းလိုက်သမန်းနှိုးမှု ပြုလုပ်ပေးခြင်း၊ စပါးများကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။
စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် စက်စွမ်းအား၊ ဝန်ထမ်းစွမ်းအားဖြင့် ကူညီပေးပြီး တောင်သူများ အနေဖြင့် ဆီဖိုးသာ ကျခံရသည်။ လက်ရှိကာလ အမရပူရမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက CERP အစီအစဉ်ဖြင့် မိုးစပါးစိုက်ပျိုးရာတွင် စုစုပေါင်း စပါးစိုက်ဧက (၂၄၃)ဧက ကူညီဝန်ဆောင်မှုပေးခဲ့ကြောင်း စက်မှုလယ်ယာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး မန္တလေးနှင့် ပြင်ဦးလွင်ခရိုင် ခရိုင်ဦးစီးဌာနမှူး ဦးသိန်းထွန်းစံထံက သိရသည်။
တိမ်တမန်


