နေပြည်တော်၊ ၂၄ ဒီဇင်ဘာ

 

မူပိုင်ခွင့်ဦးစီးဌာန တည်ထောင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားသည် မူပိုင်ခွင့်ဦးစီးဌာန တည်ထောင်ခြင်းအခမ်းအနား ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဝန်ကြီးရုံး၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့ဖြင့် ဖွဲ့စည်းထားရှိရာမှ မူပိုင်ခွင့်ဌာနကိုလည်း ပညာရေးဝန်ကြီးဌာန လက်အောက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်သို့ ဦးစီးဌာန (၁) ခု အနေဖြင့် ပြောင်းရွှေ့ဖွဲ့စည်းခွင့်ပြုခဲ့ကြောင်း။

 

စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ စသည့် မူပိုင်ခွင့်ဥပဒေများကို နိုင်ငံတော်သမ္မတမှ အတည်ပြု လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ပါကြောင်း။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာဥပဒေများကို အကောင်အထည်ဖော်ရာတွင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၊ မူပိုင်ခွင့်အေဂျင်စီနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့ကို ဖွဲ့စည်းတည်ထောင်ပြီး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့်ပတ်သက်ပြီး ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများကို  ကြိုတင်ဆောင်ရွက်နိုင်စေရန် ထုတ်ပြန်ကြေညာပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်တွင် ပထမအဆင့် စတင်လက်ခံဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ဒုတိယအဆင့်ကိုလည်း မကြာမီကာလအတွင်း ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဌာနအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိသော ဦးစီးဌာနများနှင့်အတူ ဝန်ကြီးဌာန၏ Vision၊ Mission များကို ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်၏စီးပွားရေးမူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနဖြစ်မြောက်ရေးအတွက် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ပညာရေးဝန်ကြီးဌာန၊ နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်သော  WIPO၊ JICA၊ USAID၊ အဖက်ဖက်မှ ပူးပေါင်းဆောင်ရွက်ခဲ့သော  ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများနှင့် ပညာရှင်များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက ယနေ့သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ မူပိုင်ခွင့်ဦးစီးဌာန၏ သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများကို နိုင်ငံတကာဥပဒေများနှင့် ရင်ဘောင်တန်းနိုင်အောင် ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ ဦးစီးဌာန၏ ဝန်ထမ်းဖွဲ့စည်းမှုကိုလည်း အဆင့်ဆင့်လုပ်ဆောင်ရမည်ဖြစ်ပြီး ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းနှင့် မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်တို့က မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်