နေပြည်တော်၊ ၂၄ ဒီဇင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြန်လည်ထူထောင် ရေးဆိုင်ရာလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူ ပြည်သားများ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဘဲ သာတူညီမျှခံစားရရှိစေပြီး လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော်ရန် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထု၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရန် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။
ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ထိုမူဝါဒအပေါ် အခြေခံ၍ လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များကို ကဏ္ဍအလိုက် ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ ပြည်သူများလက်တွေ့ ခံစားရရှိမှုအခြေအနေမှန်ကို သိရှိရန်ဆန်းစစ်မှုများပြုလုပ်ပြီး လိုအပ်ချက်များကို ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူများအတွက် ပိုမိုထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးနှင့် နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေးတွင် ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး မှီခိုမှုကင်းသော ဘဝများကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများသည် နိုင်ငံတော်အစိုးရ၏ ဦးစားပေးကိစ္စများဖြစ်သဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် တာဝန်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများကို မြန်မာနိုင်ငံ၏ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် Myanmar Sustainable Development Plan (MSDP)နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆောင်ရွက်ခဲ့ပြီးသော လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်၍ စိန်ခေါ်မှုအခက်အခဲများကို ဖော်ထုတ်ပြီး ရင်ဆိုင်ဖြေရှင်းရာတွင် ယခုကြုံတွေ့နေရသော ကိုဗစ်-၁၉ ၏စိန်ခေါ်မှုများနှင့် နောက်ဆက်တွဲ ထိခိုက်မှုများကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်သဖြင့် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက်နှင့်လည်း ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် မိုင်းအန္တရာယ်ကာကွယ် တားဆီးရေးလုပ်ငန်းများ၊ ထိခိုက်လွယ်အုပ်စုများကို ကာကွယ်စောင့်ရှောက်ပံ့ပိုးကူညီခြင်းတို့သည် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်၍ မြေပြင်တွင် ထိရောက်အောင်မြင်မှုရှိအောင် ဦးစီးဌာနများအားလုံး ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းသည် လူကုန်ကူးခံရသူများ ထပ်မံလူကုန်ကူးမခံရအောင်၊ မူးယစ်ဆေးစွဲသူများ မူးယစ်ဆေးထပ်မံ မသုံးစွဲအောင်၊ ပြန်လည်နေရာချထားခံရပြီးသူများထပ်မံ၍ နေရပ်စွန့်ခွာခြင်းမပြုရအောင်နှင့် ထိခိုက်လွယ်အုပ်စုများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်တည်တံ့မှုခံစားရရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်အောင်မြင်မှုများ၊ စိန်ခေါ်မှုအခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းအကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ ပြည်သူများရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများကို သာတူညီမျှခံစား ရရှိနိုင်ရေး ချမှတ်ထားသော မူဝါဒ၊ ဥပဒေ မဟာဗျူဟာများနှင့်အညီ ဆောင်ရွက်ရာတွင် လိုအပ်သော သတ်မှတ်ဘဏ္ဍာ ရန်ပုံငွေရရှိရေးနှင့် အလေအလွင့်မရှိ စနစ်တကျသုံးစွဲရေး၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ထိရောက်သော ကူညီထောက်ပံ့မှုများရရှိရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ (၂၀၀၅)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈)တို့ကို ပြန်လည်သုံးသပ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆက်လက်ကြိုးပမ်းကြရန် တိုက်တွန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


