မိုင်းခတ် ၊ ၂၅ ဒီဇင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ ခရစ္စမတ်ပွဲတော် ကျင်းပမည့်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်နိုင်ရန်အတွက် ဒီဇင်ဘာ ၂၄ ရက်က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆိုင်လွန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရှိဓမ္မဆရာများ၊ တာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာကျင်းပ ပြုလုပ်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လူဦးရေထက် ကျော်လွန်၍ လူစုလူဝေးမပြုလုပ်ကြရန်၊ ရေမလိုလက်သန့်စင်ဆေးရည်ထားရှိ ဆောင်ရွက်ကြရန်၊ အခြားမြို့နယ်ရှိဧည့်သည်များ ဖိတ်ခေါ်ခြင်းမပြုဘဲ မိမိတို့ရပ်ကွက်၊ ကျေးရွာရှိ ရွာသူ/သားဖြင့်သာ ဝတ်ပြုဆုတောင်းပြီး ခရစ္စမတ်ပွဲတော် ကျင်းပကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)


